အီလက်ထရွန်နစ် ငွေပေးချေမှုစနစ် (Touch CB)ကို Visa၊ Mastercard နှင့် CB ဘဏ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဓာတ်ဆီဆိုင်များတွင် ပထမဦးဆုံး အသုံးပြုသွားမည် ဖြစ်ကြောင်း Capital ဈေးဝယ်စင်တာတွင် ယနေ့ ပြုလုပ်သော ယင်းစနစ် မိတ်ဆက်ပွဲမှ သိရသည်။
အဆိုပါ ငွေပေးချေမှုစနစ်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ Capital ဈေးဝယ်စင်တာ၌ စတင်အသုံးပြုနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် ရွှေပလ္လင်၊ ပတ်ထရိုကေ ဓာတ်ဆီဆိုင်၊ စင်ကာပူ ပေးရှန့် စားသောက်ဆိုင် အစရှိသည့် ဆိုင်ပေါင်း ၅ ထောင်ကို ၁ နှစ်အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း CB ဘဏ်မှ Cards and Merchant Services ဌာနမှ အထွေထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။
“ဘယ်ဘဏ်က Credit ကတ်မဆို EVERYONE CAN ပါရင် ငွေပေးချေလို့ ရမှာ ဖြစ်ပါတယ်။ ဒါက ဘယ်ဘဏ်မှာမဆို လျှောက်လို့ရပါတယ်။ Visa နှင့် Mastercard တို့မှ နည်းပညာကို CB နဲ့ ချိတ်ဆက်ပြီးတော့ နည်းပညာ ငွေပေးချေမှုကို မိတ်ဆက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ Visa နှင့် Mastercard ကတ်တွင် EVERYONE CAN ပါသည့် မည်သည့်နိုင်ငံက ကတ်မဆို ငွေပေးချေမှု ရရှိမည်ဖြစ်ပြီး ယခုစနစ်သည် ကတ်စနစ်ထက် နည်းပညာအဆင့် ပိုမြင့်သည့် စက်စနစ်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း ဦးဇေယျာအောင်က ရှင်းပြသည်။
ယင်းကတ်၏ ငွေပေးချေမှုပုံစံမှာ စက်ထဲသို့ ကတ်ထည့်စရာ မလိုဘဲ EVERYONE CAN ပါသည့် ကတ်ကို စက်နှင့်ထိလိုက် ရုံဖြင့် ငွေရှင်းပြီးသား ဖြစ်သွားစေရန် နည်းပညာ အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
“ကမ္ဘောဇဘဏ်တို့လို အခြားဘဏ်တွေက ကတ်တွေမှာလည်း ဒီ EVERYONE CAN လေးပါရင် ဈေးဝယ်လို့ရပါတယ်။ ဒါက ငွေထုတ်ဖို့ မဟုုတ်ဘူး။ ဒါက ATM စက်မှာ ငွေသွားထုတ်လို့ မရဘူး။ CB ဘဏ်ရဲ့ စက်တပ်ထားတဲ့ ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ဝယ်ယူလို့ရပါတယ်။ ကတ်ထဲ ထည့်ထားသလောက် ငွေပေးချေလို့ရပါတယ်။ ပမာဏ ဘယ်လောက် မသတ်မှတ်ထားဘူး” ဟု ဦးဇေယျအောင်က ပြောသည်။
Visa payWave နှင့် Mastercard Contactless ကတ်များ အသုံးပြုခြင်းဖြင့် နေ့စဉ် အသေးစားဝယ်ယူမှု မြန်ဆန်ခြင်း၊ လုံခြုံခြင်းနှင့် သက်သာလွယ်ကူစေမှု ရရှိမည်ဖြစ်ပြီး ဆိုင်များအနေဖြင့်လည်း ငွေသားနှင့် အကြွေများ ပျောက်ရှခြင်းမှ ကင်းရှင်းစေမည်ဖြစ်သည်။
“ နည်းပညာ ငွေပေးချေမှု စနစ်ကို မိတ်ဆက်တာ ဖြစ်ပါတယ်။ ကတ်ရော၊ စက်ရော ၂ ခုစလုံးကို မိတ်ဆက် တာဖြစ်ပါတယ်။ အခုက ပုံမှန်ငွေပေးမယ်ဆိုရင် ကျနော်တို့က ငွေရှင်းကောင်တာကို ပေးလိုက်တယ်။ အဲဒီကနေ စက်ထဲကို ကတ်ထည့်တယ်။ ပြီးတော့ ပေးမယ့် ငွေပမာဏ ထည့်တယ်။ အဲဒီအစား စက်မှာ ကတ်ကို ထိလိုက်ရုံနဲ့ ငွေပေးချေမှု ဖြစ်မြောက်အောင် အဆင့်မြှင့်လိုက်တယ်’’ဟု ဦးဇေယျာအောင်က ဆက်ပြောသည်။
Visa payWave မှ ပေးအပ်သည့် သက်သာလွယ်ကူမှုနှင့် မြန်ဆန်လုံခြုံမှုသည် လက်ရှိ အသုံးပြုမည့် ဈေးဝယ်စင်တာများ၊ ဆိုင်များအတွက် လက်လီရောင်းချရာတွင် အသုံးပြုရန် အကောင်းဆုံးဖြစ်ကြောင်း Visa၏ Country Manager ဖြစ်သူ Arturo Planell က ပြောသည်။