ရခိုင်ပြည်နယ် မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မှ ကူညီ ထောက်ပံ့ပစ္စည်းများ တင်နေသော လူစုလူဝေးဖြင့် ဟန့်တားသူများထဲမှ ဖမ်းဆီးရမိသော လူ ၉ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
အဆိုပါ ဖမ်းဆီးအမှုဖွင့်ထားသော လူပုဂ္ဂိုလ် ၉ ဦးအား လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့၏ လုပ်ထုံး လုပ်နည်းအတိုင်း တရားရုံ၌ ရမန်ယူကာ စစ်ဆေးမှုများကို ဆောင်ရွက်နေလျှက်ရှိကြောင်း စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအုပ် ကျော်မိုးက ဧရာဝတီသို့ ပြောသည်။
ရဲအုပ် ကျော်မိုး က “ကျနော်တို့က သူ့တို့ ကျူးလွန်တဲ့ ပြစ်မှုအပေါ်မှာ ပုဒ်မ တပ်ပြီးတော့ လုပ်ထုံး လုပ်နည်းအတိုင်းပဲ ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ တရားခံ ၉ ယောက်ရတယ်။ အဲဒီ ၉ ယောက်ကို ရမန်ယူပြီးတော့ စစ်ဖို့ လုပ်ထားပါတယ်” ဟု ရှင်းပြသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ ပ / ၈၀ / ၂၀၁၇ ၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး တခုတွင် ပါဝင်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး တခုတွင် သေစေလောက်သော လက်နက်ကို စွဲကိုင်ပါဝင်ခြင်း၊ ပုဒ်မ ၁၄၄ ၊ လူစုခွဲရန် အမိန့်ပေးပြီကြောင်း သိပါလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း (သို့မဟုတ်) ဆက်လက် ပါဝင်နေခြင်း ပုဒ်မ ၁၄၅၊ စသည့်ပုဒ်မ အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၄၃၈၊ ၄၄၀၊ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စတင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ICRC မှ သယ်ယူပို့ဆောင်ရေး တာဝန်ခံ ဦးနိုင်လင်းဝေသည် စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် (၁) ဘူးသီးတောင် စက်လှေ ဆိပ်ကမ်းရှိ ဦးရွေဦး မောင်းနှင်လာသည့် သော်တာဝင်း စက်လှေအား ငှားရမ်းပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာစဉ် လူ ၂ ဦး ရောက်ရှိလာရာမှ ရုတ်ရုတ်သဲသဲ စတင်ဖြစ်လာသည်ဟု အစိုးရမှ ထုတ်ပြန်သည်။
ယင်းနောက် ညနေ ၅ နာရီ အချိန့်တွင် လူ ၅၀ ခန့် စုဝေး၍ ရောက်ရှိလာပြီး ပစ္စည်းများကို ဆိပ်ကမ်းတွင် ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သံဃာတော်များ ရောက်ရှိလာပြီး ညှိနိုင်းသော်လည်း ည ၈ နာရီခန့်တွင် လူပေါင်း ၃၀၀ ခန့်ထိ ဖြစ်လာပြီးနောက် ခဲများ၊ ဓါတ်ဆီး ပုလင်းများနှင့် ပစ်ပေါက်မှုများ ရှိလာသဖြင့် ရဲအင်အား ၂၀၀ ခန့်ဖြင့် လူစုခွဲခဲ့ရသည်။
သို့သော်လည်း ပြန်လည် တိုက်ခိုက်မှုများ ရှိကာ ရဲတပ်ဖွဲ့က (၁၂) ဗို့ ဂရင်ဒါ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။
“အစပိုင်းတော့ ကျနော်တို့ ညှိနိုင်တာပေါ့။ ညှိနိုင်းတာကို လက်မခံဘူး။ ဓါတ်ဆီဗူးကိုင်မီးရှို့တယ်” ဟု ရဲအုပ် ကျော်မိုး က ဆိုသည်။
အဆိုပါ လူအုပ်သည် စစ်တွေမြို့ ဒေသကွပ်ကဲရေးမှူးနှင့် တပ်မတော်သားများ အရန်အဖြစ် ထပ်မံရောက်ရှိလာပြီး အင်အား ဖြည့်တင်းပြီးနောက် လူစုကွဲသွားကာ လူအုပ်ထဲမှ ၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိပြီး လေးခွ၊ ခဲများဖြင့် ပစ်ခတ် ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် တချို့လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအုပ် ကျော်မိုးက ဆက်လက်ရှင်းပြသည်။
ဖြစ်ပွားရသည့်အကြောင်းရင်းမှာ ICRC အဖွဲ့မှ ဘူသီးတောင်သို့ ပို့ဆောင်မည့် ကယ်ရေးပစ္စည်းများကို ဆပ်ရိုးကျချောင်းတွင် စက်လှေ တစ်စီးပေါ်သို့ တင်ဆောင်စဉ် ဒေသခံတချို့မှ အကြမ်းဖက်သမားများထံသို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်သည်ဟု ဆိုကာ လာရောက်တားမြစ်ရာမှ လူများ ဝိုင်းအုံရောက်ရှိ လာပြီး ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။