၆နှစ်တာ ရပ်တန့်ထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ယခုအစိုးရလက်ထပ်တွင် ပြန်လည်အကောင်အထည် ဖော်မည်ကို စိုးရိမ်နေကြသည့် ဒေသခံများအား မစိုးရိမ်ကြရန်၊ အရပ်သားအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်၍ ပြည်သူ့ ဆန္ဒအတိုင်းသာ လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဧရာဝတီကို ပြောသည်။
မြစ်ဆုံံရေအားလျှပ်စစ်စီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ဒေသခံများနှင့် ပြည်တွင်းမှ ပြည်သူလူထုက ကန့်ကွက်မှုများကြောင့် ယာယီရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာခက်အောင်က “ပြည်သူလူထုကို ပြောချင်တာက ခင်ဗျားတို့ ဆန္ဒအတိုင်းပဲလို့ ပြောချင်ပါတယ်။ ကျနော်တို့ သဘောထားကတော့ ဒီတိုင်းပဲ ။ ကျနော်တို့က ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တာဆိုတော့ ပြည်သူရဲ့ ဆန္ဒက အဓိကပဲ ။ ပြည်သူက မလိုချင်ဘူးဆိုရင် လက်မခံဘူးဆိုရင် ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီအနေဖြင့်လည်း အစိုးရအဖွဲ့ထံသို့ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စတင်ရန် ချဉ်းကပ်ပြောဆိုလာခြင်း မရှိပါဟု ဒေါက်တာခက်အောင်က ပြောသည်။
သို့သော် မြစ်ဆုံစီမံကိန်းကြောင့် ဖယ်ရှားခံထားရသည့် ဒေသခံများနှင့် ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် (KBC) မှ တာဝန်ရှိသူများက ၎င်းတို့ကို တရုတ်ဘက်မှ စီမံကိန်းပြန်စရန် စည်းရုံးပြောဆို ကြိုးပမ်းမှုများ ရှိနေသည်ဟု ရှင်းပြသည်။
၂၀၁၈ ခုနှစ်တွင် မြစ်ဆုံစီမံကိန်း ပြန်စမည်ဟူသည့် သတင်းများ ကြားနေရပြီး အစိုးရဘက်မှလည်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်းမရှိသဖြင့် စီမံကိန်းပြန်စမည်ကို စိုးရိမ်နေကြသည်ဟု ဆိုကြသည်။
စက်တင်ဘာလ ၁ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အတိုင်ပင်ခံအဖွဲ့ ဖြစ်ပြီး နယ်စပ်တလျှောက် ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် ကိုယ်စားလှယ် ၄ ဦးက KBC အကြီးအကဲများကို တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ဖိတ်ခေါ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေးပြီး မြန်မာနိုင်ငံ တိုးတက်ရန် လျှပ်စစ်လိုအပ်သဖြင့် မြစ်ဆုံစီမံကိန်းကို ဆောင်ရွက်သင့် ကြောင်း၊ မြန်မာပြည်သူလူထုမှ ဝိုင်းဝန်းကန့်ကွက်နေကြသဖြင့် မြစ်ဆုံစီမံကိန်းကို ရပ်ထားရကြောင်း၊ ကချင် ဒေသခံများ သဘောတူပါက စီမံကိန်း တစိတ်တပိုင်းကို လုပ်နိုင်ကြောင်း ပြောဆိုသည်ဟု KBC ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။
“ဒီမြစ်ဆုံက တာကြီးကျိုးဖို့ ဥစ္စာမျိုးမဟုတ်ဘူးဆိုပြီး အင်ဂျင်နီယာပိုင်းကနေ ရှင်းပြတာ ကျနော်တို့ သိပ်နားမလည်ဘူး။ ကျနော်တို့ နားလည်တာက ပိတ်လိုက်ပြီဆို မိုးခေါင်ရေရှားဖြစ်မယ်။ ပြီးရင် ရေမရှိတော့ဘူး စိုက်ပျိုးရေးခက်မယ်။ နောက် ဒါကြီးကျိုးသွားရင် အားလုံးသေရောဆိုပြီး ရိုးရိုးလေးပဲ ပြောချင်တယ်လို့ ပြောတာ သူတို့က ရယ်နေတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
မြစ်ဆုံစီမံကိန်း ဧရိယာတွင် ပါဝင်သည့် တန်ဖရဲရွာမှ ဒေါ်လုရာကလည်း ၂၀၁၈ ခုနှစ်တွင် မြစ်ဆုံစီမံကိန်းကို ပြန်စမည် ဟူသည့် သတင်းများ ကြားနေသဖြင့် စိုးရိမ်နေသည်ဟု ပြောသည်။
စီမံကိန်းဧရိယာပါ ရွာများမှ ယခုလပိုင်းအတွင်း ရပ်ကွက်ဘောလုံးပွဲလုပ်မည်ကိုလည်း မြစ်ဆုံစီမံကိန်းကို တာဝန်ယူလုပ်ဆောင်မည့် ကုမ္ပဏီမှ ဝန်ထမ်းဆိုသူများက သိန်း ၄၀ လာရောက် အကုန်အကျခံကြောင်း၊ ဒေသခံများက ရပ်ရွာဘောလုံးပွဲ ဖြစ်သဖြင့် အကုန်အကျမခံရန် ပြောသော်လည်း ချစ်ကြည်ရေးဟု ဆိုကာ ကျေးရွာအာဏာပိုင်များကို ပေးသွားသည်ဟု ဒေါ်လုရာက ပြောသည်။
“ကိုယ့်ဘာသာလုပ်လို့ရတယ်ဆိုတာကို ချစ်ကြည်ရေးအနေနဲ့ဆိုပြီး ပေးတော့ ဒီက ရပ်ရွာလူကြီးတွေက သဘော တူလိုက်တယ်။ ကျမတို့ ဘာမှပြောလို့ မရတော့ဘူး။ အဲဒီလောက်တောင် လုပ်ပေးတယ်ဆိုရင် ၂၀၁၈ မှာ စမယ်ဆိုတာ ကောလာဟလ မဟုတ်ပဲ တကယ်စမှာ ထင်တယ်လို့ ကျမတို့က ထင်နေကြတာ”ဟု ဒေါ်လုရာက ပြောသည်။
မြစ်ဆုံစီမံကိန်းဧရိယာတွင် ပါဝင်သည့် ရွာပေါင်း ၂၀ ကျော်၊ ဒေသခံ လူဦးရေပေါင်း ၃၀၀၀ ကျော် ရှိပြီး အများစုကို ၂၀၁၁ ခုနှစ်တွင် အောင်မြင်သာစံပြကျေးရွာသစ် တည်ထောင်ပြီး ရွှေ့ပြောင်းနေထိုင်ခိုင်းထားပြီး ယင်းကျေးရွာတွင် နေထိုင်နေရသူများမှာလည်း အိမ် ပြန်လည်ရရှိပြီး စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ရသဖြင့် ကျေနပ်ခြင်းမရှိကြဟု ပြောဆိုနေကြသည်။
ဒေသခံများသည် လိမ္မော်ပင် တပင်လျှင် သုံးသောင်းကျပ်၊ ငှက်ပျောပင် တပင်လျှင် ငါးထောင်ကျပ်၊ ဝါးပင် တရာကျော် ရှိသည့် ဝါးရုံတရုံလျှင် ငါးထောင်ကျပ်သာ တွက်ချက်ပေးထားသည်ကို ရရှိထားပြီး ဒေသခံများက ၎င်းတို့ ရရှိထားသည့် ငွေကြေးများကို လျော်ကြေးဟု မသတ်မှတ်နိုင်သည့်အပြင် နစ်နာကြေးဟု ဆိုလျှင်လည်း ငွေကြေးပမာဏာ နည်းကြောင်း ပြောဆိုနေကြသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကမူ ထိုလျော်ကြေးများ နည်းနေခြင်းမှာ တရုတ်ကုမ္ပဏီဘက်မှ ပေးသည့် ကြေးက နည်းခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရလက်ထက်တွင် အာဏာပိုင်များက ကြားဖြတ် ယူထားခြင်းကြောင့် နည်းပါးနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြုလုပ်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရတို့ အကြား စာချုပ် ချုပ်ဆိုသဘောတူ ခဲ့ပြီး စီမံကိန်းတည်ဆောက်မှု လုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။
စီမံကိန်းတည်ဆောက်ရန် China Power Investment Corporation (CPI) က တာဝန်ယူထားပြီး ရေအားလျှပ်စစ် စတင်ထုတ်လုပ်နိုင်ပါက ထွက်ရှိသည့် ရေအားလျှပ်စစ်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်အစိုးရက ရရှိမည်ဖြစ်သည်။
သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ တာဝန်များမှာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ရေသယံဇာတ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ မြစ်ကြောင်း စီးဆင်းနိုင်မှု အခြေအနေ ၊ ပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေ နှင့် စီမံကိန်း ဆောင်ရွက်ရန် သင့်မသင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို စီစစ်သုံးသပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ကော်မရှင်က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဒေသခံအသံများကို ရယူပြီး စီမံကိန်းကို ဆက်လက် အကောင် ထည်ဖော်ရန် သင့်၊ မသင့် ပထမအစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က သမ္မတထံ တင်ပြထားသည်။
ယခု ဒုတိယအစီရင်ခံစာကို တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွ့ဲများနှင့် ညှိနှိုင်းရန် အများအပြား ကျန်ရှိနေသေးသဖြင့် သမ္မတထံ မတင်နိုင်သေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။