သတင်း

မူးယစ်ဆေးဖြတ် မက်သဒုန်း ဆေးရည် ပြည်တွင်းမှာ ထုတ်လုပ်တော့မည်

မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ရာတွင် အသုံးပြုသည့် မက်သဒုန်း (Methadone) ဆေးကို ယခုနှစ် မကုန်မီ စတင်ထုတ်လုပ်တော့မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။

မက်သဒုန်းဆေးဝါးကို ယခင်က ပြည်ပမှ မှာယူ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ငွေကျပ် ၂၀ ဘီလီယံကျော်ဖိုး အမှာစာရင်း ရှိသည့်အတွက် ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း၊ အင်းစိန် ဆေးဝါးစက်ရုံ မှ တနှစ်လျှင် မက်သဒုန်း ဆေးရည် 500 mm ပါဝင်သည့် ဗူးရေ ၁၂၀၀၀၀ ကို နှစ်စဉ်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

“ကုန်ကြမ်းစဝယ်နေပါပြီ၊ ဒီနှစ်မကုန်ခင်မှာတော့ ထုတ်နိုင်မှာပါ၊ ဖော်မြူလာလည်း လုပ်ထားပြီးသားပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနကို ရောင်းပေးမှာပါ။ မက်သဒုန်းဆေးရည်ကို သုံးစွဲတဲ့အခါမှာ မူးယစ်ဆေးစွဲနေသူရဲ့ အသက်အရွယ်၊ ဆေးစွဲခဲ့တဲ့ အချိန်ကာလာပေါ် မူတည်ပြီး Limit အတိုင်း တိုက်ကျွေးရမှာပါ” ဟု ဦးကိုကိုလွင်က ပြောသည်။

ဘီဘီအိုင်ဆေးဝါးစက်ရုံ ဒုတိယ အထွေထွေ မန်နေဂျာ ဒေါက်တာအောင်ဇော်ကလည်း “ကျနော်တို့ တနှစ်ကို ဗူးရေ ၁၂၀၀၀၀ ကို ကျန်းမာရေးဝန်ကြီးဌာနကို ပို့ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ လတ်တလောမှာ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနကို ပို့ရပြီဆိုရင်တော့ ဈေးနှုန်း သတ်မှတ်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မက်သဒုန်းဆေးဝါး ထုတ်လုပ်မယ့် အင်းစိန် ဆေးဝါးစက်ရုံနှင့် အင်ရောင်း ဆေးဝါးစက်ရုံ ၂ ရုံမှ ဘီပီအိုင် ဆေး အမျိုး အမည်ပေါင်း ၁၈၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် ဆေးဝါးများကို ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံး တို့ကိုု အဓိက ခွဲဝေမှုများပြုလုပ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာ အားဖြင့် မက်သဒုန်း ဆေးဝါးသောက်သုံးသူဦးရေ ၁၂၀၀၀ ကျော် ရှိပြီး မန္တလေးတိုင်းဒေသကြီးသည် သောက်သုံးသူ ဦးရေ ၂၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း၊ လက်ရှိ ၂၀၁၇ ခုနှစ်တွင် သောက်သုံးသူ ဦးရေမှာ ယခင်နှစ်ထက် အနည်းငယ် မြင့်တက်လာကြောင်း ကုသရေးရာဦးစီးဌာနမှ သတင်းအချက်အလက်များအရ သိရသည်။

Loading