သတင်း

တရားမဝင် ဝင်ရောက်ခဲ့သူ နိုင်ငံခြားသား ၉ ဦးကို ပြည်နှင်ဒဏ်ပေး

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် မြဝတီမြို့သို့ ထိုင်းနိုင်ငံမှတဆင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူ ထိုင်းနိုင်ငံသား ၅ ဦးနှင့် မလေးရှား နိုင်ငံသား ၄ ဦးကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံသား ၅ ဦးကို စက်တင်ဘာ ၂၁ ရက်နေ့က နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ပြီး မလေးရှားနိုင်ငံသား ၄ ဦးကို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံရုံးနှင့် ဆက်သွယ်ပြီး လေကြောင်းလိုင်းမှ တဆင့် ပြန်ပို့ မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ရဲတပ်ဖွဲ့ တာဝန်မှူး ဒုရဲအုပ် ဖိုးထောင်က “မလေးရှားနိုင်ငံသား ၄ ယောက်ကိုတော့ ရန်ကုန် မလေးရှား သံရုံးက ဒီနေ့ ကားနဲ့ လာကြိုသွားပါပြီ။ ခရိုင်လဝက တာဝန်ရှိသူတွေ လိုက်ပို့ပါတယ်။ ရန်ကုန်လေဆိပ်ကနေပြီးတော့ မလေးရှားကို ပြန်ပို့မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှားနှင့် ထိုင်းနိုင်ငံသား ၉ ဦးသည် ယခုနှစ် မေလ ၂၅ ရက်နေ့က ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကူးကာ မြဝတီမြို့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ဂေါက်ကွင်း အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ၉ ဦးအား မြဝတီမြို့နယ် တရားရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့က မြဝတီခရိုင် လဝက တာဝန်ရှိသူများ အပါအဝင် နှစ်နိုင်ငံတာဝန်ရှိသူများရှေ့၌ ဒဏ်ငွေ ကျပ် ၃ သိန်းစီ တပ်ရိုက်ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်နှင်ဒဏ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မလေးရှားတွေက ထိုင်းနိုင်ငံသားတွေနဲ့ ပေါင်းပြီးတော့ ဒီမြဝတီဘက်ခြမ်းကို လာလည်တယ်လို့ပြောတယ်။ ဗီဇာတို့ ပတ်စ်ပို့တို့ ပါတယ်။ အကုန်လုံး တရားဝင်ပဲ။ သို့သော် နှစ်နိုင်ငံ တရားဝင် ချစ်ကြည်ရေးတံတားက ဝင်လာတာမဟုတ်ဘဲနဲ့ သောင်ရင်းမြစ်ကို စက်လှေနဲ့ ဖြတ်ကူးလာတော့ တရားမဝင်ဖြစ်တာ” ဟု ဒုရဲအုပ် ဖိုးထောင်က ပြောသည်။

အဆိုပါ နိုင်ငံခြားသား ၉ ဦးအပေါ် စစ်ဆေးချက်နှင့် ထွက်ဆိုချက် အပြည့်အစုံကိုတော့ အသေးစိတ် မသိရှိရပေ။ ထိုအကြောင်း အရာနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန် မြဝတီခရိုင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနကို လည်း ဆက်သွယ်၍ မရပါ။

မြဝတီမြို့နှင့် မဲဆောက်မြို့တို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်ကြပြီး သောင်ရင်းမြစ်တခုသာ ခြားသည်။ ထိုမြို့ နှစ်မြို့ သည် နှစ်နိုင်ငံနယ်စပ် အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိ၍ နှစ်နိုင်ငံ သွင်းကုန်၊ ပို့ကုန်များ တထောက်နားရာ နေရာလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading