ကချင်ပြည်နယ်၊ တနိုင်းမြို့၊ စည်ပင်သာယာဈေးရဲ့ အနောက်ဘက်လမ်းကြားမှာ မနက် ၅ နာရီခွဲလောက် ဆိုရင် ပယင်းကျောက် ရောင်းသူ ဝယ်သူတွေနဲ့ ဆူညံနေပါပြီ။
ပယင်းကျောက်များ ရောင်းချရာ ဈေးလမ်းထဲမှာ ပယင်းကို လက်ပွေ့ရောင်းသူ၊ ဗန်းတွေနဲ့ ရောင်းနေသူ၊ ဆိုင်ခုံတွေနဲ့ တင်ရောင်းနေသူတွေ ဦးရေ ၁၀၀ ကျော်ခန့် ရှိပါတယ်။
သူတို့ ရောင်းချတဲ့ ပယင်းကျောက်ထဲမှာ ကြက်သွေး၊ ပျားရည်၊ ကာလာဆန်း၊ ဒီဇယ်၊ ကျောက်ဝါ ၊ လက်ဖက်စိမ်း ဆိုပြီး အမျိုးအစားတွေ ခွဲထားပြီး ကျောက်မှာ အမှိုက်နဲ့ အက်ကွဲကြောင်း ပါ၊မပါ ပေါ် မူတည်ပြီး ကျောက်ရဲ့ အရည်အသွေးကို ခွဲခြားကာ ဈေး သတ်မှတ်ထားပါတယ်။ ပယင်းကျောက်ရဲ့ ရောင်းဈေးတွေက ဈေး ငွေ ၂၀၀၀ ကျပ်ကနေ သိန်းရာချီတဲ့ထိ ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းသာမက ပြည်သူနိုင်ငံတွေကပါ စိတ်ဝင်စား၊ ကြိုက်နှစ်သက်ကြတဲ့ ပယင်းကို အချောထည်လုပ်ပြီး ရောင်းချသလို အကြမ်းထည်အဖြစ်လည်း ရောင်းချနေကြပါတယ်။
သိပ်မကြာခင် နှစ်ပိုင်းအတွင်းက ဒီဒေသက ရရှိတဲ့ ပယင်းကျောက်အချို့ကို သုတေသန ပြုလုပ်ခဲ့ရာကနေ ငှက်မွှေးရုပ်ကြွင်းတွေ ပါဝင်နေတာ တွေ့ရှိတယ်ဆိုပြီး ပြည်ပ သုတေသန အဖွဲ့တဖွဲ့က ပြောကြားထားပါသေးတယ်။
ဒီ ဈေးထဲမှာ ရောင်းချနေတဲ့ ပယင်းထည်တွေနဲ့ အကြမ်းထည်တွေကိုတော့ တနိုင်းမြို့နဲ့ ၁၀ မိုင်ကျော် ဝေးတဲ့ မှော်တွေ ဆီကနေ တူးဖော်ထားတာလို့ သိရပါတယ်။ မှော်တွေက အစိုးရ အုပ်ချုပ်တဲ့ နယ်ထဲမှာ ရှိနေတာ မဟုတ်ပဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်မဟာ (၂) ၊ တပ်ရင်း (၁၁) နယ်မြေထဲမှာ ရှိတာပါ။
KIA ဆီမှာ အခွန်ပေးဆောင်ပြီး ပယင်းလာရောက်တူးနေသူတွေက မြန်မာနိုင်ငံ၊ အနယ်နယ်အရပ်ရပ်မှ ဖြစ်ပြီး လူဦးရေ သိန်းဂဏန်း ရှိပါတယ်။ လာရောက်လုပ်ကိုင်ကြတဲ့ သူတွေက အများစုကတော့ ကချင်၊ လီဆူ၊ ရှမ်း၊ ဗမာ၊ ဝ၊ ရခိုင်နဲ့ တရုတ်နိုင်ငံတွင်းမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါတယ်။
KIA က ပယင်းတွင်းတွေကို ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ပြင်ပက စီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့် ချပေးခဲ့တာပါ။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၃ ရက်မှာတော့ တပ်မတော်က တနိုင်းမြို့က ပယင်းမှော်တွေက KIA က လုပ်နေတာ ကြောင့် အစိုးရဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုပြီး ပယင်းမှော်တဝိုက်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ပယင်းမှော်အနီးအနားက ရွာမှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့၊ မထွက်လျှင် KIA နဲ့ပူးပေါင်းသူတွေ အဖြစ် သတ်မှတ်မယ်လို့ ပြောဆိုခဲ့တာကြောင့် အင်ဂါးဂါး၊ နမ်ဗျူ၊ အွယ်လော၊ နမ့်ခမ်း ရွာတွေက ဒေသခံ ၁၀၀၀ ကျော်က ထွက်ပြေးတိမ်းရှောင်လာရပြီး စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် တနိုင်းမြို့က ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေပါတယ်။
ဒေသခံတွေ စွန့်ခွာခဲ့ရတဲ့ ရွာတွေ အနီးမှာတော့ တပ်မတော်၊ တပ်စခန်းတွေ အများအပြား ရှိနေပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် အနယ်နယ်အရပ်ရပ်က ပယင်းကျောက် လာတူးဖော်ကြသူ ဦးရေ သောင်းဂဏန်းကလည်း ထွက်ပြေးသွားကြပြီး ယခုအချိန်မှာတော့ KIA ရဲ့ ပယင်းမှော်တွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဘက်ကလည်း KIA လုပ်ငန်းတွေ ရပ်တန့်အောင်ဆိုပြီး တနိုင်းမြို့အတွင်းကို ဆန်၊ ဆီ၊ ဆားနဲ့ စက်သုံးဆီတွေ သယ်ယူမှုကို ကန့်သတ်တားမြစ်ထားပါတယ်။
ပယင်းမှော်တွေကို ရပ်ဆိုင်းထားပေမယ့် တနိုင်းမြို့က ပယင်းဈေးထဲမှာတော့ ပယင်းကျောက်တွေကို စည်စည်ကားကား ရောင်းချနေတာကို မြင်တွေ့ရပါတယ်။
ရောင်းသူဝယ်သူတွေကတော့ တိုက်ပွဲကြောင့် ပယင်းဈေးတွေ ကျသွားပြီး အရောင်းအဝယ်လည်း ခြောက်ကပ်သွားတယ်လို့ ပြောဆိုနေကြပါတယ်။
ဆက်စပ်ဖတ်ရှုရန်- မြန်မာ့ ပယင်းကျောက်အတွင်းမှ ဒိုင်နိုဆော ငှက်တောင်ပံများ