သတင်း

ကျောက်မိုင်းခွဲသဖြင့် ထိခိုက်မှုများအား အပြည့်အဝ တာဝန်ယူ ပေးမည်ဟု MCL ကုမ္ပဏီဆို

Want create site? Find Free WordPress Themes and plugins.

Mawlamyine Cement Limited (MCL) ၏ ကျောက်မိုင်းခွဲမှု တုန်ခါအားကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည့် ရွာများမှ သာသနိက အဆောက်အအုံ များအား အပြည့်အဝ တာဝန်ယူ၍ ပြန်လည် ပြင်ဆင် ပေးမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ Mr . Surachai Pornjindachote က ပြောသည်။

“ကျောက်မိုင်း ခွဲတာကြောင့် ဘုန်းတော်ကြီးကျောင်း အဆောက်အဦတွေ ကွဲအက်မှုဖြစ်နေတဲ့ အပေါ်မှာ အပြည့်အဝ တာဝန်ယူပြီးတော့ ပြန်လည် ပြင်ဆင် ပေးမယ် ဆိုတဲ့ အကြောင်းလည်း ဆရာတော် ဘုရားကို လျှောက်ထား ခဲ့ပါတယ်” ဟု MCL ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ Mr. Surachai Pornjindachote က MCL စက်ရုံသို့ သတင်း မီဒီယာ များအား ဖိတ်ကြား၍ ရှင်းလင်း တင်ပြစဉ် ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က MCL ကုမ္ပဏီ၏ မိုင်းခွဲမှု တုန်ခါအားကြောင့် သက်တမ်း ၄၀ နှစ်ရှိ ကော့ဒွန်း ကျေးရွာ ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း အဆောက်အဦနှင့် သက်တမ်း ၁၀ နှစ်ရှိ အဆောက်အဦး အချို့ ၌ အက်ကြောင်းများ၊ အင်္ဂတေများ ကွာကျမှု ဖြစ်ပေါ်ခဲ့ကာ ကျောင်းနံရံ၌ ရေးသား ထားသည့် နံရံဆေးရေး ပန်းချီများ၌ အက်ကွဲမှုများ ပေါ်ပေါက်ခဲ့သည်။

ထို့အပြင် MCL ကုမ္ပဏီ၏ ကျောက်မိုင်းအနီး အတ္တရံမြစ် တဖက်ကမ်းရှိ နှိတုံ ကျေးရွာ ကျောင်းသစ် ဘုန်းတော်ကြီး ကျောင်း၌လည်း ၎င်းမိုင်းခွဲဒဏ်ကြောင့် အက်ကြောင်းများ ဖြစ်ပေါ်လျက် ရှိနေခြင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်၍ စစ်ဆေး ခဲ့သေးကြောင်း ကျောင်းထိုင် ဆရာတော် အရှင် သြဘာသက ဧရာဝတီသို့ မိန့်သည်။

“သူတို့က ကျောက်တောင်ပေါ်မှာ မိုင်းခွဲတာ မိုင်းက အသံလည်း အရမ်းမြည်တယ်၊ ဝုန်းဆိုပြီး အသံမြည်တာ အရမ်း ကျယ်တယ်၊ နောက်တုန်ခါ မြည်ဟီးသံက ပြောရရင် မြေငလျင် လှုပ်သလိုပဲ၊ အခုနောက်ပိုင်း မှာတော့ မိုင်းက အကြီးကြီးတွေ မဟုတ်တော့ပဲ အလုံးငယ်တွေ ဖြစ်လာတယ်၊ ဒီကျောင်းအက်ကွဲမှုတွေ ပေါ်လာတုန်းက မိုင်းခွဲမှု ဆိုရင် အရမ်းကို ကျယ်တယ်” ဟု နှိတုံ ကျောင်းသစ် ကျောင်းထိုင် ဆရာတော် အရှင် သြဘာသက မိန့်သည်။

MCL ကုမ္ပဏီ အနေဖြင့် မိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းအမျိုးအစားအား ယခု အသုံးပြုနေသည့်ထက် အရည်အသွေး ကောင်းမွန်၍ တုန်ခါမှု၊ အသံကျယ်လောင်မှု နည်းသည့် ယမ်းအမျိုး အစားအား ပြောင်းလဲ အသုံးပြု နိုင်ရန် အတွက် အစိုးရသို့ တင်ပြ ထားသည်မှာ တစ်နှစ်ကျော် ခဲ့ပြီး ဖြစ်သော်လည်း ခွင့်ပြုချက် မရသေးကြောင်း သိရသည်။
“သူတို့ မိုင်းခွဲတဲ့ အချိန် အသံအကျယ်ကြီး မြည်တယ်၊ လူမပြောနဲ့ ခွေးတောင်မှ အဲဒီအချိန်ဆိုရင် ဂယောင်တမ်းတွေ ဟောင်ကြ အူကြတယ်၊ အဲဒီအချိန် အမှုမဲ့ အမှတ်မဲ့ လမ်းပေါ်မှာ လမ်းလျှောက် နေတဲ့ ကလေး တွေဆိုရင် ကြက်သေ သေသွားပြီး ဆက်သွားမလား ၊ နောက်ဆုတ်မလား အဲဒီလို ဖြစ်နေတယ်၊ ဒီလိုသာ ရေရှည် ဖြစ်နေရင် ဒီကလေးတွေ ဦးနှောက် ကျပ်ပြည့်တော့မှာ မဟုတ်ဘူး” ဟု ကော့ဒွန်း ကျေးရွာ ဒေသခံ နိုင်ဗလိုင်းက မိုင်းခွဲမှု၏ အသံ ကျယ်လောင်မှု တုန်ခါမှုနှင့် ပတ်သက်၍ ရွာသားများ ကြုံတွေ့ နေခြင်း များကို ဧရာဝတီ သတင်းဌာနသို့ ရှင်းပြ ပြောဆို ခဲ့သည်။

ယမ်းနှင့် ပတ်သက်သည့် ပေါက်ကွဲ စေတပ်သည့် ဆက်စပ် ပစ္စည်း များအား တပ်မတော်က ခွင့်ပြုသည့် ယမ်းအမျိုးအစား ကိုသာ အသုံးပြု နေရကြောင်း MCL ကုမ္ပဏီ၏ အမှုဆောင် အရာရှိ ဦးဇော်လွင်ဦးက ဆိုပါသည်။

“ရှေ့နှစ်မှာ တခါတည်း အများကြီး ခွဲတဲ့ ပုံစံ မဟုတ်ပဲ တခုနဲ့ တခုကို နည်းနည်းစီ ခြားပြီး ခွဲတဲ့ Delay Cut ပုံစံနဲ့ ၊ Non Electric Detonator တွေသုံးပြီး မိုင်းခွဲတာကို ပြုလုပ်ဖို့ စီစဉ် ထားပါတယ်၊ အဲဒီအခါကျရင် အသံရယ် တုန်ခါမှုတွေကို လျော့ချ ပေးမှာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ မိုင်းခွဲရေး ကြီးကြပ်သူ ကိုကောင်းထက်ဦးက ရှင်းပြသည်။

MCL ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှ စ၍ ကျိုက်မရော ကျေးရွာ ပျားတောင်၌ မြေဧက ၁၅၀ နီးပါးအား ကျောက်ထုတ်လုပ်၍ ဘိလပ်မြေ စက်ရုံလည်ပတ်ရန် ခွင့်ပြုချက် ရထားပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းသည့် (Semi Open Cut ) တဝက်ဖွင့် စနစ်ဖြင့် ပျားတောင်မှ ကျောက်ထုတ်ယူရန် စီစဉ် ထားသည်။

၎င်းလျာထား ချက်အရ ပင်လယ် ရေမျက်နှာပြင်ထက် အမြင့်မီတာ ၁၆၀ ရှိသည့် ပျားတောင်အား အမြင့်မီတာ ၉၀ သို့လျော့ချပြီး ထိုအမြင့်ပေ အရောက်၌ အတွင်းသား များကိုသာ လှိုက်စား၍ တူးဖော် သွားမည် ဖြစ်ကာ အပြင် တောင်နံရံကို သဘာဝအတိုင်း ချန်ထားမည်ဖြစ်ပြီး အတွင်းအပြင် နံရံများ၌ ခရုပတ် လမ်းကြောင်းဖြင့် သစ်ပင်များ ပြန်လည် စိုက်ပျိုးခဲ့ရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင် ပျားတောင်အား အမြင့်ပေ ၁၆၀ မီတာမှ ၁၄၀ မီတာသို့ လျော့ချ ထားပြီး ဖြစ်ကာ လာမည့် ၃ နှစ် အတွင်း အမြင့်ပေ ၉၀ မီတာသို့ လျော့ချ၍ ကျောက်ထုတ်လုပ်နိုင်ရန် ကုမ္ပဏီဘက်မှ စီစဉ်ထားကြောင်း၊ ပျားတောင် မြေဧရိယာ ၁၅၀ ဧက နီးပါးမှ ကျောက်တန်ချိန်ပေါင်း ၉၆ သန်းအား အနှစ် ၄၀ ကြာ ထုတ်ယူ နိုင်မည်ဟု ကုမ္ပဏီမှ တွက်ချက်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading