ရိုဟင်ဂျာလို့ ခေါ်ဆိုကြသူများရဲ့ လှုပ်ရှားမှုဟာ ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းမှာတင်မကပါဘူး။ အနောက်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာကို ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်တွေကတဆင့် သူတို့အရေးကို အာရုံစိုက် စိတ်ဝင်စားအောင် ဝါဒဖြန့်ချိတတ်ကြပါတယ်။
အဲဒီအထဲက အရေးပါ အရာရောက်သူတဦးကတော့ ဒေါက်တာဝါကာအူဒင် ဆိုသူပါပဲ။ သူဟာ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်တတ်သူပါ။ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲတွေမှာ မကြာခဏ တွေ့မြင်ရတတ်ပါတယ်။ မကြာသေးခင်က နယူးယောက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ နောက်မှာ ကပ်လျက် ထိုင်နိုင်ခဲ့တဲ့အထိ ပေါက်ရောက်သူ ဖြစ်ပါတယ်။
ဒေါက်တာဝါကာအူဒင်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတူဂလို Ahmet Davutuglo နဲ့ တွေ့ခဲ့ပါတယ်။ တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတူဂလိုဟာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ရခိုင်ပြည်ကို သွားရောက်ခဲ့သူတဦးပါ။
နိုင်ငံတကာ သတင်းမီဒီယာနဲ့ နိုင်ငံခြား အစိုးရကိုယ်စားလှယ်တွေကို သူ့ရဲ့ တင်ပြချက်တိုင်းဟာ ရိုဟင်ဂျာတွေဟာ မြန်မာပြည်က တိုင်းရင်းသားမျိုးနွယ်စုတခုဖြစ်ပြီး သူတို့အပေါ် မြန်မာ့တပ်မတော်က လူမျိုးသုဉ်း သန့်စင်မှုပြုလုပ်ရေး ဖိနှိပ်ရက်စက်ခဲ့ကြတယ်ဆိုတာတွေပါပဲ။ အနောက်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာက ရိုဟင်ဂျာအရေးမှာ ဝင်ရောက်ကူညီကြဖို့ အမြဲ တိုက်တွန်း ဆော်ဩတတ်ပါတယ်။
ဒေါက်တာ ဝါကာအူဒင်ဟာ အာရကန် ရိုဟင်ဂျာ သမဂ္ဂ Arakan Rohingya Union (ARU) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးပါ။ အာရကန် ရိုဟင်ဂျာ သမဂ္ဂကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အသင်း Organization of Islamic Cooperation (OIC) ရဲ့ ဗဟိုဌာနချုပ် ဆော်ဒီအာရေးဗျနိုင်ငံ ဂျက်ဒါမြို့ Jeddah မှာ ၂၀၁၁ ခုနှစ် မေလအတွင်း ကျင်းပခဲ့တဲ့ ရိုဟင်ဂျာညီလာခံကနေ ဖွဲ့ခဲ့တယ်လို့ ARU ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။ ARU မှာ ကမ္ဘာတလွှားက ရိုဟင်ဂျာ အဖွဲ့အစည်းပေါင်း ၆၀ လောက် ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။
မြန်မာပြည်ကနေ ၁၉၇၀ ခုနှစ်များအတွင်းမှာ ထွက်ခွာသွားခဲ့သူ ဒေါက်တာ ဝါကာအူဒင်ဟာ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က Penn State University က အပင်တွေရဲ့ ရောဂါအကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မိုက်ခရိုဇီဝဗေဒဌာနရဲ့ ပါမောက္ခတယောက်ပါ။ သူ သုတေသနပြုတာက မြက်ခင်းပြင်တွေအကြောင်းပါ။ နဗားဒါး တက္ကသိုလ်ကနေ သိပ္ပံဘွဲ့နဲ့ မဟာသိပ္ပံဘွဲ့တွေကို ရခဲ့ပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရခဲ့ပါတယ်။
သူဟာ OIC အဖွဲ့ဝင် အစိုးရများနဲ့သာမက အမေရိကန် အစိုးရနဲ့လည်း ဆက်ဆံရေး ရှိသူပါ။ ၂၀၁၂ ခုနှစ် VOA နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ အိုဘားမားအစိုးရအနေနဲ့ ရိုဟင်ဂျာအရေး လျစ်လျူမရှုဖို့ တိုက်တွန်းခဲ့ပါတယ်။ အိုဘားမားကလည်း မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် ရိုဟင်ဂျာအရေး ထည့်သွင်း ပြောဆိုလေ့ရှိတာကြောင့် သူ့တောင်းဆိုချက် အောင်မြင်တယ်လို့ ဆိုရပါမယ်။
ရိုဟင်ဂျာအရေး ကွန်ဖရင့်တွေ တက်ရင်း တူရကီ သမ္မတ၊ ဝန်ကြီးချုပ်၊ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျွန်ကယ်ရီ၊ မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်တို့နဲ့ အတူ ဓာတ်ပုံတွဲရိုက်လေ့ရှိတဲ့ ဒေါက်တာဝါကာအူဒင်ရဲ့ ခြေလှမ်းတွေကိုတော့ သတိထားစောင့်ကြည့်ဖို့ လိုပါမယ်။