သတင်း

NCA လက်မှတ်ရေးထိုးရန် ငြိမ်းချမ်းရေးကော်မရှင်က UNFC အား တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အစိုးရနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးကော်မရှင်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များ အား တိုက်တွန်းပြောကြားခဲ့သည်။

အစိုးရနှင့် UNFC အဖွဲ့ဝင်များအကြား နောက်ထပ် တရားဝင် တွေ့ဆုံမှုများ ဖြစ်ပေါ်လာစေရန် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ယနေ့ စက်တင်ဘာ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံမှုကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်စိုးက ဦးဆောင်ပြီး UNFC ဘက်မှ DPN ခေါင်းဆောင် ခူးဦးရယ်နှင့်အဖွဲ့ဝင်အားလုံး တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ နှစ်ဘက်အကြား ပြီးခဲ့သည့် သြဂုတ် ၁၀ မှ ၁၁ ရက် က ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် တရားဝင် တွေ့ဆုံပွဲအပြီးက စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်ညှိနှိုင်းကြရန် လျာထားခဲ့ကြသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော ရခိုုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုအရေးအခင်းနှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၏ ကျန်းမာရေးချို့ယွင်းမှုစသည့် အကြောင်းများကြောင့် တွေ့ဆုံုမှု နှောင့်နှေးရပြီး ယခု အလွတ်သဘော ပြန်လည် တွေ့ဆုံုခြင်းဖြစ်သည်။

DPN ခေါင်းဆောင် ခူးဦးရယ်က “တွေ့ဆုံုဆွေးနွေးမှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် အချိန်နဲ့ တပြေးညီ ဆောင်ရွက်လိုတဲ့ ဆန္ဒ ရှိပါတယ်။ သို့သော် ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် အခုလို နှောင့်နှေး ကြန့်ကြာတဲ့အပေါ်မှာတော့ ကျနော်တို့ မလွှဲမရှောင်သာ အခုလို နားလည်မှု ပေးကြရမယ့် အခြေအနေမျိုးလို့ နားလည်ရမယ်လို့ ထင်ပါတယ်။” ဟု ဆိုသည်။

“DPN နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်) ကုုယ်စားလှယ်တွေကြားထဲမှာဘဲ ဆက်လက် ညှိနှိုင်း အဖြေရှာလို့ အဆင်ပြေနိုင် သလား။ သို့တည်းမဟုတ် ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေများ စုဖွဲ့ပါဝင်တဲ့ တွေ့ဆုံုညှိနှိုင်းဆွေးနွေမှုနဲ့ ကျနော်တို့သွားရင် ပိုပြီး အဆင်ပြေမလား ဆိုတဲ့ အခြေခံ စဉ်းစားချက်ပါတယ်” ဟု ခူးဦးရယ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယနေ့ တွေ့ဆုံမှုတွင် DPN ဘက်မှ တောင်းဆိုထားသော အချက် ၉ ချက်မှ ကျန်ရှိနေသော အချက်များကိစ္စ၊ နှစ်ဘက် ကိုယ်စားလှယ်များ သတ္တမအကြိမ် တရားဝင်တွေ့ဆုံုနိုင်ရေးနှင့် အစိုးရနှင့် UNFC ကိုုယ်စားလှယ်များ တွေ့ဆုံုနိုင်ရေးအတွက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင်များက ဆိုသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်စိုးက “တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ အခု DPN ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာနိုင်ရင်တော့ ကျနော်တို့အနေနဲ့ နိုုင်ငံရေးလုပ်ငန်းစဉ်မှာ အတိုင်းအတာ တခုထိ ထိရောက်တယ်လို့ ပြောလို့ရပါတယ်။” ဟု အဖွင့်မိန့်ခွန်းတွင် ဆိုသည်။

အစိုးရအနေဖြင့် တနှစ် နှစ်ကြိမ် ကျင်းပရန် လျာထားသည့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအစည်းအဝေး ဖြစ်မြောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြင်ဆင်ရေးအတွက်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါသောအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့က အသီးသီး ပြင်ဆင်လျက်ရှိပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဦးအောင်စိုးက ထည့်သွင်းပြောကြားခဲ့သည်။

NLD အစိုးရသက်တမ်း တနှစ်ခွဲကျော်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှု ခရီးအတိုင်းအတာတခုအထိ မရောက်သေးသဖြင့် ထိုအဆင့်တခုထိ ရောက်အောင် ကြိုးစားဖို့ လိုုအပ်သည်ဟု ၎င်းက ဆိုသည်။

NLD အစိုးရအနေဖြင့် ၎င်း၏ ရည်မှန်းချက် ၄ ခုဖြစ်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံု ပြင်ဆင်ရေးတိုု့ကို တပြိုင်တည်း ကြိုးစားဆောင်ရွက်နေပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ရှုထောင့်ပေါင်းစုံုက ကြည့်ကာ လက်ရှိ ပြည်သူ့အစိုးရ ဖြစ်သည့် ဒီမိုကရေစီအစိုးရနှင့် ပူးပေါင်း ပါဝင်ရန် တိုက်တွန်းခဲ့သည်။

“ပြည်သူ့အစိုးရရဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့အတူ ဒီငြိမ်းချမ်းရေးဘက်မှာပါ ကျနော်တို့ တိုင်းရင်းသားတွေ ကျောချင်းကပ် ရင်ဆိုင်မယ်ဆိုရင် ကျန်တဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ပိုမိုလွယ်ကူလိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။” ဟု ဦးအောင်စိုးက ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူတရပ်လုံုး လိုလားသော ၂၀၀၈ ဖွဲ့စည်းပုံုအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်ချက်များအပြင် လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပြိုင်တည်း အကောင်အထည်ဖော်နိုုင်မှသာ ဖွဲ့စည်းပုံု ပြင်ဆင်ရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံများမှတဆင့် ပြည်ထောင်စုသဘောတူညီချက်များ အဆင့်ဆင့် ရရှိလာပါက ထို စာချုုပ် (union accord) ကို လွှတ်တော်တွင် တင်ပြ သဘောထားရယူပြီး ဖွဲ့စည်းပုံ ပြင်နိုင်ရေးကို အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များက သဘောထား တခုတည်း ရှိကြောင်း ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“လွှတ်တော်တွင်းက လွှတ်တော်တွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပူးပေါင်းပြီး သွားမယ်ဆိုရင် နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံု ပြင်ဆင်ရေး အချိန်တိုတိုနဲ့ ခရီးရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီအတွက်ကိုလည်း အားလုံး သိကြတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံုပြင်ဆင်ရေးအတွက် တပ်မတော်သဘောထားက မထောက်ခံရင် ကျနော်တို့ ပြင်ဆင်ခွင့်မရသေးဘူး။ ဒါကြောင့် ကျနော်တိုု့ နည်းပေါင်းစုံနဲ့ ကြိုးစားပြီး ကျနော်တို့ နိုင်ငံက တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို အချိန်တိုတိုနဲ့ ခရီးရောက်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားပါတယ်။” ဟု ဦးအောင်စိုးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading