သတင်း

သတ်ဖြတ်ခံရသည့် ဟိန္ဒူအလောင်းများ တွေ့ရှိသည့် နေရာအနီး ထပ်မံ ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တောဒေသ ရဲဘော်ကျကျေးရွာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တူးဖော်တွေ့ရှိခဲ့ရာ ယင်းနေရာတဝိုက် ထပ်မံရှာဖွေမှုများပြုလုပ်နေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် နယ်ခြားရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ၊ ဟိန္ဒူ ဘာသာဝင် ခေါင်းဆောင်များက ပူးပေါင်းပြီး ကျန်နေသေးသောအလောင်းများကို ဆက်လက်ရှာဖွေနေကြောင်း ခမောင်ဆိပ်ကျေးရွာသို့ ရောက်ရှိနေသော ဟိန္ဒူဘာသာဝင် ဦးနီမော်လ်က ဧရာဝတီသို့ ပြောသည်။

ဦးနီမော်လ်က “ မနေ့က ၁၀ နာရီလောက်မှာ ပထမ ကျင်းက ၁၆ လောင်းတွေ့တယ်။ နောက်ထပ် တွေ့တဲ့ ကျင်းမှာတော့ ၁၂ လောင်းတွေ့တယ်။ စုစုပေါင်းတော့ ၂၈ လောင်း ရထားပါတယ်။ အလောင်းတွေကိုတော့ ဖော်တဲ့ နေရာမှာပဲ ထားပါတယ်။ ဘယ်သူတွေ ဖြစ်တယ် ဆိုတာကိုတော့ သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်တာပါ ” ဟုပြောသည်။

ဒေသခံ ဦးနီမော်လ်မှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးနီမော်လ်နှင့်အတူ ခမောင်းဆိပ်နှင့် တမန်းသားကျေးရွာ တို့မှ ဟိန္ဒူဘာသာဝင်အချို့ လိုက်ပါ၍ ရဲဘော်ကျကျေးရွာသို့ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် သွားရောက် ရှာဖွေခဲ့ရာ မသင်္ကာဖွယ်မြေ အနေအထားတွေ့ရှိရကြောင်း၊ အပုပ်နံ့ ရရှိ သဖြင့် ရှာဖွေတူးဖော်ကြရာ အလောင်းများ မြှုပ်ထားသည်ဟု ယူဆရသော အကျယ် ၁၃ ပေပတ်လည် ကျင်းကြီး ၂ ကျင်း(၁၀ ပေခန့်အကွာ)အား စတင်တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ကျင်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက တူးဖော်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ပထမကျင်းအတွင်းမှ အမျိုးသမီးရုပ်အလောင်း ၁၂ လောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယကျင်း အတွင်းမှ အသက် ၁၀ နှစ်အောက် အမျိုးသားရုပ်အလောင်း ၆ လောင်း၊ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၂၈ လောင်းတို့ကို ရှာဖွေ တူးဖော်ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

“ကျနော့်ကို ဘင်္ဂလားဒေ့ရှ်ကို အဖမ်းခံလို့ ပါသွားတဲ့ အမျိုးသမီး ၁ ဦးက ဖုန်းဆက်ပြီးတော့ ပြောပြပါတယ်။ ဘယ်နေရာ မှာ သတ်တယ်။ ဘယ်နေရာမှာ အလောင်းတွေကို မြုပ်ထားခဲ့တယ် ဆိုတာကို ပြောပြတယ်။ အဲဒီအတိုင်း သွားရှာတော့ နေရာမလွဲပါဘူး။ အကြမ်းဖက်သမားတွေက ရွာထဲဝင်ပြီး ဖမ်းတယ်။ ပြီးတော့ တောထဲကို ခေါ်ယူသွားတယ်။ အမျိုးသမီး ၈ ယောက်ကို တနေရာ မှာထိုင်ခိုင်းတယ်။ ကျန်တဲ့ လူတွေက တနေရာမှာ ခေါ်ပြီးတော့ သတ်လိုက်တယ်။ အကြမ်းဖက်သမားတွေက နင်တို့လည်း လည်ဖြတ်အသတ်ခံမှာလား ။ ငါတို့ ဘာသာကို ဝင်မှာလား မေးတယ်။ အဲဒီအမျိုးသမီးတွေက အစ္စလမ် ဘာဝင်မယ်။ သူတို့ကို ယူမယ် လို့ ပြောတော့ မိန်းမ ၈ ယောက်နဲ့ သူတို့မှာ ပါတဲ့ ကလေးတွေကို ခေါ်သွားတာပါ” ဟု ဦးနီမော်လ်က ဆက်လက်ပြောပြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် စစ်တွေမြို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးရောက်ရှိနေသည့် မောင်တောမြို့နယ်၊ လေးမိုင်ရွာသား ဟိန္ဒူဘာသာဝင် ဦးနီမော်လ်ထံသို့ ရဲဘော်ကျ ကျေးရွာနေ အမျိုးသမီးတဦးက သြဂုတ် ၂၅ ရက် ည ၉ နာရီခွဲတွင် ရဲဘော်ကျ ကျေးရွာသို့ လက်နက်ငယ်၊ တုတ်၊ ဓား၊လံှ များ ကိုင်ဆောင်ထားသော ARSA အကြမ်းဖက်သမား အင်အား ၃၀၀ ဦးခန့် ဝင်ရောက်လာကြောင်း ဖုန်းဖြင့် ဆက်သွယ်ပြောလာခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်တွင် အကြမ်းဖက်သမားများက အမျိုးသား၊ အမျိုးသမီး အားလုံးနီးပါးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖမ်းဆီး ခေါ်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများ တူးဖော် တွေ့ရှိမှုနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ရဲမှူးနှင့် တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေး လုပ်နေခြင်းကြောင့် တစုံတစ်ရာ မေးမြန်း နိုင်ခြင်း မရှိခဲ့ပါ။

(ချစ်မင်းထွန်း ပူးပေါင်းပါဝင် ရေးသားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading