သတင်း

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တိုးချဲ့မည့် အစီအစဉ် ဒေသခံများ ကန့်ကွက် ဆန္ဒပြမည်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်း ထပ်မံ တိုးချဲ့မည့် အစိုးရ၏ အစီအစဉ်ကို သဘော မတူသဖြင့် ဒေသခံများက ကန့်ကွက် ဆန္ဒထုတ်ဖော်ကြမည်ဟု သတင်း ရရှိသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့၊ နောင်မွန်မြို့ နှင့် မချမ်းဘော့မြို့တို့ အတွင်းရှိ သစ်တော ဧရိယာ ၈၉၅,၀၄၀ ဧက၊ စတုရန်းမိုင် အားဖြင့် ၁၃၉၈ ဒသမ ၅ မိုင်ရှိ အကျယ်အဝန်းကို ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်း အဖြစ် အစိုးရ က ထပ်မံ တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။

ရဝမ် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (မချမ်းဘော့) အတွင်းရေးမှူး ဦးဖေရန်က စက်တင်ဘာလ ၂၈ ရက်တွင် ကန့်ကွက် ဆန္ဒပြကြမည် ဖြစ်သည်ဟု ပြောသည်။

“၂၈ ရက်မှာ ကျနော်တို့ မချမ်းဘော့မှာ လူအင်အား နှစ်ထောင် နဲ့ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ပါမယ်။ ၂၈ ရက် မှာ ပူတာအို နဲ့ မချမ်းဘော့ က နာရီပိုင်းပဲ ခြားမယ်။ နောင်မွန်ကတော့ နောက်ရက်မှာ ဆန္ဒထုတ်ဖော်မှာပါ။ သူတို့ မြို့နယ် တွေ အသီးသီးမှာ ဆန္ဒပြကြပါမယ်။ ခွင့်ပြုမိန့်လည်း တင်ထားတာ ရထားပြီးပါပြီ” ဟု ဦးဖေရန်က ပြောပြ သည်။

ကန့်ကွက် ဆန္ဒပြသည့် နေ့တွင် လူအင်အားဖြင့် မြို့ကို ပတ်ပြီး ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်း တိုးချဲ့ ခြင်း ကို မလိုလားကြောင်း ဆိုင်းဘုတ်များ ကိုင်ပြီး ကြွေးကြော်သံများ အော်ကာ ကန့်ကွက်သွားမည်ဟုလည်း ဦးဖေရန် က ပြောသည်။

ဦးဖေရန်က “ဘာ့ကြောင့် ကန့်ကွက်လဲ ဆိုတော့ ကျနော်တို့ ဒေသက အများပိုင်းက တောတောင်ကို မှီခိုပြီး ဝမ်းစာရေး ကို ဖြေရှင်းရတာဖြစ်လို့ ဒီဒေသမှာ ကမ္ဘာ့ အမွေအနှစ်အဖြစ် လုပ်ဖို့ လုပ်တာတော့ မလုပ်သင့်ဘူး။ မလုပ်ကြပါနဲ့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကန့်ကွက်တာပါ” ဟု ပြောဆိုသည်။

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ရည်ရွယ်ထားသည်ဟူသည့် ကြေညာချက်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်က အမိန့်ကြော်ငြာစာ အမှတ် (၁၀၃/၂၀၁၇)ဖြင့် ထုတ်ပြန်ထားသည်။

တိုးချဲ့မည့် ဧရိယာအတွင်း ဒေသခံများ၏ လယ်မြေ၊ ယာမြေတချို့လည်း ပါဝင်ပြီး ဒေသခံများ အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေသည့် တောတောင် ဧရိယာများ ပါဝင်သည်ဟု ဦးဖေရန်က ပြောသည်။

ဦးဖေရန်က “အရင်ခေတ်က ဥယျာဉ် စသတ်မှတ်တုန်းက ဌာနေ တိုင်းရင်းသားတွေ တော်တော်နေထိုင်ဖို့ ခက်သွား တယ်။ ဟိုအကောင် မသတ်ရ၊ ဒီအကောင် မသတ်ရ၊ တားမြစ်ချက်တွေ များတော့ ဒီတောတောင်ကိုပဲ မှီခို နေထိုင် နေတဲ့ သူတွေအတွက်ကျတော့ တော်တော်လေး အနေရခက်တဲ့ အခြေအနေတွေ ကြုံရဖူးတယ်။ ဒါ့ကြောင့် ခုတိုးချဲ့ သတ်မှတ်ရင် အသက်မွေးဝမ်းကျောင်းမှာ အခက်အခဲတွေ ကြုံရတော့မှာ” ဟု ဆိုသည်။

ပူတာအိုမြို့၊ နောင်မွန်မြို့နှင့် မချမ်းဘော့မြို့တို့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် စားသုံးကုန် ဈေးနှုန်းများ ကလည်း သာမန်ဈေးထက် ၂ဆ ၊ ၃ဆ ခန့် မြင့်ပြီး ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိသဖြင့် တောတောင်များတွင် ဆေးမြစ်ရှာခြင်း၊ တောကောင် လိုက်ခြင်းဖြင့်သာ အများစုက အသက်မွေးဝမ်းကျောင်း ပြုကြ သည်။

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အား ၁၉၉၈ ခုနှစ်မှ စ၍ စစ်အစိုးရက ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရန် အတွက် အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်များအရ ၁၉၉၈ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် စတင် သတ်မှတ်စဉ်က ၎င်းတို့၏ စားဝတ်နေရေးကို အကူအညီပေးမည်ဟု ပြောဆိုခဲ့သော်လည်း အကောင်အထည် ဖော်ပေးခဲ့ခြင်း မရှိသည့်အပြင် သစ်တောကြိုးဝိုင်းများ အတွင်း တောကောင် ရှာဖွေခြင်း၊ ဆေးမြစ် ရှာဖွေခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများ ဖြင့် ထောင်ဒဏ် ချမှတ်သည်အထိ တရားစွဲဆို ခံရခြင်းများ ရှိသည်ဟု သိရသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း တိုးချဲ့မည့် အစီအစဉ်အပေါ် ဒေသခံ တသောင်းကျော် က ကန့်ကွက် လက်မှတ် ထိုးပြီး အစိုးရ ဌာနဆိုင်ရာများကို တင်ပြထားသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၏ စုစုပေါင်း ဧရိယာမှာ ၉၄၂၀၈၀ ဧက ရှိပြီး စတုရန်းမိုင်အားဖြင့် ၁၄၇၂ မိုင် ကျယ်ဝန်းကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က “ကျနော်တို့ ပြည်နယ် အနေနဲ့ ခါကာဘိုရာဇီ ဥယျာဉ်ကို UNESCO ထဲမှာ Natural Heritage (သဘာဝ အမွေအနှစ်) စာရင်း ဝင်အောင်လုပ်ဖို့ ရည်ရွယ်တယ်” ဟု ဧရာဝတီကို စက်တင်ဘာလ ၂၁ ရက်က ပြောဆိုထားသည်။

တကမ္ဘာလုံးတွင် ယဉ်ကျေးမှု အမွေအနှစ် (Cultural Heritage ) စာရင်းဝင် ၅၀၀ ကျော်ရှိပြီး သဘာဝ အမွေအနှစ် စာရင်းဝင် ၂၀၀ ကျော်သာ ရှိကြောင်း၊ ထို ၂၀၀ ကျော် စာရင်းတွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို စာရင်းဝင်နိုင် ရန် ကချင်ပြည်နယ် အစိုးရ အနေဖြင့် ကြိုးစားနေသည်ဟုလည်း ဒေါက်တာ ခက်အောင်က ပြောသည်။

ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC)ကလည်း ဌာနေ တိုင်းရင်းသားများ၊ ဒေသ ခံများနှင့် စနစ်တကျတိုင်ပင်ကာ သဘောထား ကောက်ယူခြင်း မရှိဘဲ အမျိုးသား ဥယျာဉ် တောင်ပိုင်းအား တိုးချဲ့ပြီး ကမ္ဘာ့သဘာဝ အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေခြင်းကို အကောင်အထည်မဖော်ဘဲ လုံးဝ (လုံးဝ) ရပ်ဆိုင်း ထားစေလိုသည်ဟု စက်တင်ဘာလ ၁၈ ရက်က သဘောထား ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ကလည်း ပြည်သူလူထု ၏ ဆန္ဒသဘောထားနှင့် ဒေသခံတို့၏ ရေရှည် အကျိုးစီးပွားကို ရှေးရှုပြီး ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အား တိုးချဲ့မည်ကို လုံးဝ (လုံးဝ) ကန့်ကွက်ကြောင်း စက်တင်ဘာလ ၂၂ ရက်က သဘောထား ထုတ်ပြန်ထား သည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ရေခဲတောင် အများအပြားရှိပြီး ကမ္ဘာတွင် အမြင့်ဆုံး စာရင်း ဝင်သည့် ခါကာဘိုရာဇီ ရေခဲတောင် ရှိသဖြင့် နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားပြီး လာရောက်စွန့်စားကြသည့် နေရာလည်း ဖြစ်သည်။

သို့သော် ဒေသခံများမှာ စားဝတ်နေရေးအတွက် အခက်အခဲ ရှိသဖြင့် ရေခဲတောင်ခြေများတွင် အသက်အန္တရာယ် နီး သည့် ဆေးမြစ်ရှာခြင်း၊ တောကောင်လိုက်ခြင်း အလုပ်များကို လုပ်ကိုင်ကြပြီး နိုင်ငံခြား ခရီးသွားများ လာလည်ပါက ၎င်းတို့၏ အထုပ်များကို ထမ်းသည့် အထမ်းသမားများအဖြစ်သာ လုပ်ကိုင်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading