သတင်း

ပျောက်ဆုံး ဟိန္ဒူဘာသာဝင် ၁၇ လောင်း ထပ်မံတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်း ၁၇ လောင်းအား စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ရုပ်အလောင်း ၁၇ လောင်းလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး ယမန်နေ့က ရုပ်အလောင်းများ တွေ့ရှိသည့် နေရာ၏ အရှေ့ဘက်ပေ ၁၀၀၀ အကွာတွင် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရုပ်အလောင်းဖော်သည့် အဖွဲ့တွင် ပါဝင်သူ ဟိန္ဒူဘာသာဝင် ဦးနီမော်လ်က ဧရာဝတီသို့ပြောသည်။

ဦးနီမော်လ် က “ဒီနေ့လည်း အလောင်း ၁၇ လောင်းထပ်တွေ့ပါတယ်။ အကုန်လုံးအမျိုးသားတွေပါ။ မနေ့က တွေ့တဲ့ နေရာနဲ့ ပေ ၁၀၀၀ အကွာမှာ တွေ့တာပါ။ ပထမတွေ့တဲ့ ကျင်းမှာ ၁၄ လောင်းတွေ့ပါတယ်။ ဒုတိယ ကျင်းမှာ ၃ လောင်းတွေ့ပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ရဲဘော်ကျ ဟိန္ဒူကျေးရွာနှင့် တောင်ဟိန္ဒူကျေးရွာသားများ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး အလောင်းများကို ရှာဖွေခဲ့ရာ မနေ့က ၂၈ လောင်းနှင့် ယနေ့ ၁၇ လောင်း ပေါင်း ၄၅ လောင်း တွေ့ရှိထားပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံ ဟိန္ဒူဘာသာဝင်များ၏ ပြောကြားချက်အရ အကြမ်းဖက်မှုကြောင့် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် အရေအတွက် လူပေါင်း ၁၀၀ ကျော် ရှိနေသည့်အတွက် ဆက်လက်ရှာဖွေသွားမည် ဖြစ်ကြောင်းကြောင်း ပြောကြားသည်။

အဆိုပါ ဟိန္ဒူဘာသာဝင် အလောင်းများကို တွေ့ရှိခဲ့ရာတွင် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေသော မိသာစုဝင်များ၏ ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း ယနေ့ ညနေပိုင်းက ဖုန်းဆက် အကြောင်းကြားရာ ကယ်ဆယ်ရေးစခန်းမှ မိသားစုဝင်များမှာ သတင်းကြားသည်နှင့် တပြိုက်နက် ပူဆွေး ငိုကြွေးခဲ့ကြသည်။

ဟိန္ဒူဘာသာဝင် အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ ARSA အကြမ်း ဖက်သမားများ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာ ထွက်ပြေးရောက်ရှိနေသည့် မောင်တောမြို့နယ်၊ လေးမိုင်ရွာနေ ဟိန္ဒူဘာသာဝင် ဦးနီမော်လ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်းဆောင်) ထံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ ဟိန္ဒူ ဘာသာဝင် အမျိုးသမီးတဦးက ဖုန်းဆက် အကြောင်းကြား ချက်အရ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading