အစွန်းရောက်များကို တုံ့ပြန်ရာတွင် ခေါင်းဆောင်များအနေဖြင့် သတိကြီးကြီးနှင့် တိုင်းတိုင်းဆဆ ရှိသင့်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘာလာ ခရစ်ရှနန် က စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းတွင် သတိပေးလိုက်သည်။
“နေရာတကာက အကြမ်းဖက်သမားတွေမှာ တူညီတဲ့လက်စွဲစာအုပ်ရှိတယ်။ ပထမအနေနဲ့ အင်မတန်ဆိုးရွားတဲ့ အကြမ်းဖက်မှု ကျူးလွန်မယ်။ ဒုတိယအနေနဲ့ ဖြစ်လာတဲ့ အခြေအနေကို ဘာသာရေးတံဆိပ်ကပ်ပြီး သူတို့ ငါတို့ဆိုတဲ့ အုပ်စု ကွဲအောင် လုပ်မယ်။ တတိယ အဆင့်မှာတော့ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ပစ်ပယ်ခံရစေပြီး ကြားနေ အလယ်အလတ် ဝါဒီတွေရဲ့ နယ်ပယ်ကို ခြေမှုန်းပစ်မယ်” ဟု သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ဒီအစွန်းရောက်တွေရဲ့ ထောင်ချောက်ထဲကို မသက်ဆင်းမိအောင်လို့ ကျနော်တို့ အရမ်းသတိကြီးကြီး ထားသင့်တယ်” ဟု လည်း သူက ဆက်ပြောသည်။
မည်သည့်လူမျိုး၊ ဘာသာနှင့် မျိုးရိုးဖြစ်စေ အရပ်သားများကို အကာ အကွယ်ပေးရမည်မှာ အစိုးရတိုင်း၏ တာဝန်ဖြစ်သည်ဟု လည်း သူက သြဂုတ်လက ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုအပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်ပြီး ပြောကြားသည်။
သူသည် လွန်ခဲ့သောလက နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ တိုင်းပြည်၏ ဖြစ်ရပ်များအတွက် ဒေါ်အောင်ဆန်းစုကြည် သည်လွန်စွာ စိတ်အနှောင့် အယှက်ဖြစ်နေသလို ထိုဒေသမှ ထိခိုက်နာကျင်မှုများအတွက် လွန်စွာ စိတ်ဖိစီးနေကြောင်းလည်း သူက ထည့်သွင်းပြောကြားသည်။
ရခိုင်ပြည်နယ် အခြအနေသည် သမိုင်းတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လွန်စွာရှုပ်ထွေးသော အသိုင်း အဝန်းများကြားရှိ ချက်ခြင်းဖြေရှင်းမရသော ပြဿနာဖြစ်ကြောင်းနှင့် ၎င်း၏ နယ်နမိတ်အတွင်း တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းရန် ရေရှည်အတွက် အဖြေရှာနေသော မြန်မာနိုင်ငံကို အာဆီယံက ထောက်ခံကြောင်းလည်း သူပြောသည်။
စင်္ကာပူနိုင်ငံသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံမှတဆင့် လုပ်ဆောင်ကာ မြန်မာနှင့် ပူးပေါင်းပြီး ထိခိုက်နစ်နာသော အသိုင်းအဝန်းများ အားလုံးအတွက် လူသားခြင်းစာနာမှု အကူအညီများပေးပို့မည်ဟုလည်း သူက ရှင်းပြသည်။
လူမျိုး၊ ဘာသာစကားနှင့် ဘာသာတရားတို့၏ အက်ကွဲမှုများ လှုပ်ခါနေဆဲ ဖြစ်ပြီး အလုပ်အကိုင်နှင့် ဆင်းရဲချမ်းသာ ကွာဟမှု အပေါ် စိုးရိမ်နေရခြင်း၊ နည်းပညာသစ်များနှင့် နိုင်ငံတကာစနစ်ကို စိန်ခေါ်နေကြသော နိုင်ငံတော်မဟုတ်သည့် ဇတ်ဆောင် များကြောင့် ဖြစ်ပေါ်လာသည့် မရေရာသော အခြေအနေတွင် ကမ္ဘာ့ ခေါင်းဆောင်များသည် အထွေထွေ ညီလာခံသို့ တက်ရောက်လာကြခြင်း ဖြစ်ကြောင်းလည်း သူက ပြောသည်။
အကြမ်းဖက် အုပ်စုများသည် အင်တာနက်ကို အသုံးပြုကာ အရှေ့တောင်အာရှ အပါအဝင် နိုင်ငံတကာတွင် အဆိပ်ပြင်းသော ၎င်းတို့၏ အစွန်းရောက်ဝါဒများကို ဖြန့်ချိနေကြကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် သတင်းတုများသည် ပျံ့နှံ့နေပြီး ကမ္ဘာ့ ဒေသကြီး အများအပြားမှ ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ ပဋိပက္ခသစ်များလည်း ပေါ်ပေါက်လာနေကြောင်း သူက ထောက်ပြသည်။
ကမ္ဘာလုံးတွင် ရင်ဆိုင်နေရသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂသည် အကောင်းဆုံးနေရာဖြစ်ကြောင်း သူက ဆိုသည်။