မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈ လ အတွင်း ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှ ၃ ရက် လျှင် လူ ၂ ဦးနှုန်းခန့် သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
ထိုသို့ ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှ ၁ ရက်လျှင် လူ ၄ ဦးနှုန်း ဒဏ်ရာ ရရှိမှုလည်း ဖြစ်ပွားကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ ရဲမှူး ကျော်သူက ဧရာဝတီသို့ ပြောသည်။
“ယဉ်မတော်တဆမှုကြောင့် ၃ ရက်မှာ ၂ ယောက်လောက် သေဆုံးနေတယ်၊ ဒဏ်ရာရသူ အနေနဲ့က ၁ ရက်မှာ ၄ ယောက် လောက် ရနေတယ်၊ ဒဏ်ရာရသူက ၁ လကို ၉၀ နဲ့ ၁၂၀ ကြား ရှိနေတယ်”ဟု ပြည်နယ် ယာဉ်ထိန်းရဲမှူး ကျော်သူက ပြောပြသည်။
၂၀၁၇ ခုနှစ်၌ ဇန်နဝါရီမှ သြဂုတ်လအထိ ယာဉ်မတော်တဆမှု ၆၀၃ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၀၅၄ ဦး ရှိကြောင်း၊ သေဆုံးသူ ၂၂၁ ဦး ရှိနေပြီ ဖြစ်ကြောင်း ပြည်နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး စာရင်းများအရ သိရှိရသည်။
ယဉ်မတော်တဆမှု များထဲတွင် ဆိုင်ကယ်ကြောင့် ဖြစ်သည့် ယဉ်မတော်တဆမှုသည် ၈၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ယဉ်မတော်တဆမှု ဖြစ်စဉ်များအား အရေးပေါ် လိုက်လံ ကူညီပေးနေသည့် မော်လမြိုင် အခြေစိုက် ဘိုဘိုဝင်း လူမှု ကူညီရေးအဖွဲ့ ခေါင်းဆောင် ဦးဘိုဘိုဝင်းကလည်း ဧရာဝတီသို့ ပြောကြားသည်။
“ဆိုင်ကယ်တိုက်တာနဲ့၊ ဆိုင်ကယ် သူ့ဟာသူမှောက်တာနဲ့ ဆိုင်ကယ်က ပိုများတယ်၊ ဆိုကြပါစို့ ၁ လမှာ ဆိုင်ကယ်နဲ့ ကားနဲ့၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ်နဲ့ ဖြစ်တဲ့ ယာဉ်မတော် တဆဖြစ်မှု အခု ၂၀ လောက် ရှိတယ် ဆိုရင်၊ ကားနဲ့ ကားနဲ့ ဖြစ်တဲ့ ယာဉ်မတော်တဆမှုက ၅ မှု လောက်ပဲ ရှိတယ်” ဟုလည်း ဦးဘိုဘိုဝင်းက ပြောသည်။
ထိုဆိုင်ကယ် ယဉ်မတော်တဆမှု များ၌လည်း ယာဉ်စည်းကမ်း ဖောက်ဖျက်၍ ဖြစ်ပွားသည့် မတော်တဆမှုသည် ၉၀ ရာခိုင်နှုန်းကျော်ရှိကာ ဆိုင်ကယ် ဦးထုပ် မဆောင်းခြင်း၊ ဆိုင်ကယ်ကို ၃ ယောက် စီးနင်းခြင်း စသည့် စည်းကမ်း မလိုက်နာမှု များကြောင့် ဖြစ်ခြင်းများကို တွေ့ရှိရကြောင်းလည်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသည့် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ ဆိုင်ရာ သန်းခေါင် စာရင်း အချက်အလက်များအရ မွန်ပြည်နယ်တွင် သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေး အတွက် ဆိုင်ကယ်ကို ဒုတိယ အများဆုံး အသုံးပြုနေကြကြောင်း ဖော်ပြ ထားသည်။
ထိုကဲ့သို့ ယဉ်မတော်တဆမှုနှင့် သေဆုံးမှုနှုန်း လျှော့ချထိန်းချုပ်နိုင်ရန် အတွက် သက်ဆိုင်ရာများက သာမန် လုပ်ရိုး လုပ်စဉ်များဖြင့် ဖြေရှင်းခြင်းထက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး အတွက် အထူး ပညာပေး အစီအစဉ် များ လုပ်ဆောင်သင့်ကြောင်း မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော် က ပြောဆိုသည်။
“စည်းကမ်း မလိုက်နာတာက အကျင့်လို ဖြစ်နေပြီလေ၊ ဥပဒေစည်းကမ်းတွေ အတိုင်း မဖြစ်တာ မြန်မာနိုင်ငံမှာဆိုရင် ထုံးစံလို ဖြစ်နေတယ်၊ သို့သော် ၃ ရက်ကို ၂ ယောက်နှုန်းလောက် သေဆုံးနေပြီ ဆိုရင်တော့ အော်ပရေးရှင်း သဘော မျိုးပေါ့၊ ကျယ်ကျယ် ပြန့်ပြန့် လုပ်သင့်ပြီလို့ ထင်တယ်”ဟု ဦးထွန်းမြင့်ကျော်က ပြောသည်။
မွန်ပြည်နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး၏ ယဉ်မတော်တဆမှု လချုပ် စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်တိုက်မှု ၇၉၄ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၂၈၉ ဦးနှင့် သေဆုံးသူ ၃၁၇ ဦး ရှိခဲ့ကြောင်းလည်း သိရ သည်။
ထို့အပြင် မွန်ပြည်နယ် အတွင်း၌ ဖွဲ့စည်းပုံအရ ယာဉ်ထိန်း ရဲအရာရှိနှင့် အခြားအဆင့် ဝန်ထမ်းပေါင်း ၁၂၆ ဦး ရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် ၇၂ ဦးသာ ခန့်ထားနိုင်သေးပြီး ရာခိုင်နှုန်းအားဖြင့် ယာဉ်ထိန်းရဲ ဝန်ထမ်းပေါင်း ၄၀ ရာခိုင်နှုန်း ကျော် လိုအပ်နေသေးကြောင်းလည်း ရဲမှူးကျော်သူက ပြောဆိုသည်။
“မော်လမြိုင်မှာဆိုရင် ပျမ်းမျှ ယာဉ်အစီးရေ ၁ သောင်း လောက်ကို ယာဉ်ထိန်းအင်အား ၂၀ လောက်နဲ့ စည်းကမ်း ထိန်းသိမ်းရေး၊ ယာဉ်တိုက်မှု ယာဉ်မှုစစ်တွေ လိုက်လုပ် ပေးနေရတယ်၊ လိုအပ်နေတဲ့ ဝန်ထမ်းတွေကို ဖြည့်ဆည်းဖို့ အတွက် ကျနော်တို့ လူသစ်တွေ စုဆောင်းပြီး သင်တန်းတွေ လွှတ်နေပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ၂၂ ယောက် စုဆောင်း နိုင်ခဲ့တယ်၊ ၂၀၁၇ မှာတော့ သြဂုတ်လအထိ ၁၁ ယောက် စုဆောင်းခဲ့ပြီး ဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။
ထိုသင်တန်းဆင်း ယာဉ်ထိန်းရဲများအား ခွဲတမ်း ပြန်လည် ချပေးရာ၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်ကြော ကျပ်တည်းမှု ဆိုးရွားသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ကို ပထမဦးစားပေး ချထားနေပြီး မွန်ပြည်နယ်သည် ဒုတိယ ဦးစား ပေး အဆင့်၌ ရှိနေကြောင်း ရဲမှူးကျော်သူက ဆက်ပြောသည်။
ထို့အပြင် ယာဉ်မတော်တဆမှု ဖြစ်စဉ်အား စစ်ဆေးအမှုဖွင့်သည့် ယာဉ်မှုစစ် အရာရှိကို မော်လမြိုင်၌သာ ခန့်ထား နိုင်သေးပြီး ကျန်နေရာများတွင်သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ ယာဉ်မှုစစ်ခြင်းကို ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးနေ ရကြောင်းလည်း ရဲမှူးကျော်သူက ဆိုသည်။
ယာဉ်ထိန်းရဲ ဝန်ထမ်း ဖွဲ့စည်းပုံပြည့် ခန့်အပ်နိုင်ရေး လုပ်ဆောင်ရန် သက်ဆိုင်ရာများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြီးခဲ့သည့် မော်လမြိုင် မြို့နယ် လူထုတွေ့ဆုံပွဲ၌ ပြောကြားထားသည်။