သတင်း

မိုင်းပြင်း ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရမှု သုံးလကျော်သည်အထိ အမှုမှန် မဖော်ထုတ်နိုင်သေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်မှ ပြည်သူ့စစ် ခေါင်းဆောင် ဦးမြင့်အောင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရသည်မှာ သုံးလကျော် ကြာသည့်တိုင် အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

မိုင်းပြင်း ပြည်သူ့စစ် ခေါင်းဆောင် ဦးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ဇွန်လလယ်ပိုင်းက အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားခံ ဖမ်းဆီးရမိရေး အတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တို့က ဆောင်ရွက်နေသော်လည်း မဖော်ထုတ်နိုင်သေးဘဲ ဖြစ်နေ ကြောင်း သိရ သည်။

ထိုပစ်ခတ် သတ်ဖြတ်သူသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ စိုင်းတင့်ဖြစ်ကြောင်း JMC မှ ဖွဲ့စည်းပေးသော စိစစ် အတည်ပြုရေး အဖွဲ့က တင်ပြထားသော်လည်း RCSS/SSA ဘက်က စိုင်းတစ် ဆိုသူမှာ မိမိတို့အဖွဲ့အတွင်း မရှိကြောင်းနှင့် ပစ်ခတ် သတ်ဖြတ်ခြင်းသည် RCSS မှ မဟုတ်ကြောင်း RCSS ဘက်က ငြင်းဆို သည်။

ပြည်ထောင်စု အဆင့် JMC-U အတွင်းရေးမှုး -၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က“သက်သေ ထွက်ဆိုချက်အရ JMC-S တင်ပြ တာကတော့ ဒီဦးမြင့်အောင်ကို သတ်တာသည် RCSS က စိုင်းတစ် ဆိုတဲ့အဖွဲ့ဝင် ဖြစ်ပါတယ်လို့ တင်ပြလာတာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီနေ့ ဆွေးနွေးတဲ့ အခါမှာ ဒီစိုင်းတင့်သည် RCSS မှာ မရှိပါဘူးလို့ RCSS ကတော့ ပြန်ပြီးတော့ ဆွေးနွေးတာ ရှိပါတယ်။ ကျနော်တို့ကတော့ စိုင်းတစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အမှုဖွင့် ထားပြီးတော့ ဆက်လက်အရေး ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု စက်တင်ဘာ ၂၂ ရက် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

JMC-U ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသော RCSS ဘက် မှ ကိုယ်စားလှယ်များက မဟုတ်မှန်ကြောင်း ထိုသူ မိမိတို့ အဖွဲ့အတွင်း မရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရ သည်။

အလားတူ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် မိုင်းပြင်း ပြည်သူ့စစ် ခေါင်းဆောင်ကို မိမိတို့ RCSS ဘက်မှ သတ်ဖြတ်ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် က လက်မှတ် ထိုးထားသော လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး NCA ထိုးပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လထိ ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် ထိတွေ့ တိုက်ပွဲ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထို မိုင်းပြင်း ပြည်သူ့စစ် ခေါင်းဆောင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး အရပ်သား ကိုယ်စားလှယ် ဦးဝင်းတင့် ဦးဆောင် သော စိစစ် အတည်ပြုရေး အဖွဲ့က စစ်ဆေးခဲ့ ရာ RCSS က ဟု ယူဆရနိုင်ကြောင်း ပါရှိပြီး ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC-U) သို့ တိုက်ရိုက် တင်ပြခြင်းကြောင့် မိမိတို့အနေဖြင့် အတိအကျ မသိရသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အောင်အောင်က ပြောဆိုသည်။

“ကျနော်တို့ ရဲမူအရတော့ RCSS ဘက်ကတော့ လက်နက်ကိုင် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတော့ ကျနော်တို့က စာလေးထွက်ပြီး ဒီဟာတော့ ဒီလိုရှိတယ်။ အဲဒီလိုမျိုး မှန်ကန် နေရင်တော့ ကျနော်တို့ကို တရားခံ လွှဲပြောင်းပါလို့ စာထွက် တောင်းရမှာပေါ့နော်။ လွှဲခြင်း မလွှဲခြင်းကတော့ သူတို့အပိုင်းရှိမှာပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် သေဆုံးသွားသူ၏ အစ်ကိုဖြစ်သူက မိုင်းပြင်းမြို့နယ် ရဲစခန်းတွင် လာရောက်၍ အမှုဖွင့်ခြင်းကြောင့် ပုဒ်မ ၃၀၂ လူသတ်မှုနှင့် မိုင်းပြင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်ပေးထားကြောင်း၊ အမှုဖွင့်သူက ပစ်ခတ်သူသည် RCSS က ဖြစ်နိုင် ကြောင်း ပြောကြားခဲ့သည်ဟုလည်း ရဲမှူးချုပ် အောင်အောင်က ပြောဆိုသည်။

JMC-U မှ အရပ်သား ကိုယ်စားလှယ်များ ပါဝင်သော စိစစ် အတည်ပြုရေး အဖွဲ့ကို ဖွဲ့စည်း၍ ဇွန်လက စုံစမ်း စစ်ဆေး ခဲ့ရာ ပြည်နယ်အဆင့် JMC-S ဒုဥက္ကဌ ၂ ဦးဆောင်သော အဖွဲ့က စိစစ် တွေ့ရှိမှုများကို JMC-U သို့ တင်ပြ ခဲ့ကြောင်း သိရသည်။

“အဲ့ဒီ ကိစ္စက ကျနော်တို့ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ JMC ရဲ့ လုပ်ထုံး လုပ်နည်းအရ မလို့ပါ။ ကျနော်တို့ JMC-U ကို တင်ပြထားပြီး ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် JMC-S မှ ဒုဥက္ကဌ ၂ ဦးဝင်းတင့်က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading