ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေသည့် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုအပေါ် အားပေးထောက်ခံပြီး မြန်မာ့အရေး နိုင်ငံတကာ စင်မြင့်သို့ ရောက်ရှိလာပါကလည်း မြန်မာဘက်မှနေ၍ အခိုင်အမာ ရပ်တည်ပေးမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။
မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ရှိရာ မနေ့ညပိုင်းက နေပြည်တော်တွင် ကျင်းပသည့် “တရုတ်နိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် အခမ်းအနား”တွင် တရုတ် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ဟာ နိုင်ငံတကာ စင်မြင့်မှာ မြန်မာဘက်က ဆက်လက် အခိုင်အမာ ရပ်တည်ပါမယ်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကောင်းမွန်တဲ့ ပြင်ပ ပတ်ဝန်းကျင်ကို ဖန်တီး ပေးဖို့ မျှော်လင့်ပါတယ်”ဟု မစ္စတာ ဟုန်လျန်က ပြောသည်။
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများအတွက် လူသားချင်း စာနာမှု အကူအညီများ ဆက်လက် ပေးအပ်မည် ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေရှ် ၂ နိုင်ငံ ပူးပေါင်း၍ နယ်စပ်ဆိုင်ရာများ ဖြေရှင်းရေးကို ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ်မှ လူမှု အသိုင်းအဝိုင်းများ သဟဇာတမျှတမှု၊ လူ့အဖွဲ့အစည်း တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံး အကောင်အထည် ဖော်လိမ့်မည် ဟု စိတ်ရင်းဖြင့် မျှော်လင့်ကြောင်း တရုတ်နိုင်ငံက ပြောသည်။
ဒုတိယ သမ္မတ ဦးမြင့်ဆွေကလည်း“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ သာမက ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ စာမျက်နှာများမှာလည်း ၂ နိုင်ငံ အကျိုးဖြစ်ထွန်းစေမယ့် နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို အစဉ်အမြဲ ထိန်းသိမ်းထားခဲ့ပါတယ်”ဟု အခမ်းအနားတွင် ပြောသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အရေး ကိစ္စရပ်များနှင့် ကမ္ဘာ့ စီးပွားရေးတွင် အရေးပါသည့် နိုင်ငံတခု အဖြစ် ရပ်တည်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် အကူအညီများနှင့် မြန်မာပြည်သူများ၏ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီလျက်ရှိသည့်အတွက် ပြည်သူများနှင့် အစိုးရကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ဒုတိယ သမ္မတက ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်နွယ်မှုများ ရှိနေခြင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးအရ တရုတ်နိုင်ငံ အပေါ်တွင် မှီခိုနေခြင်း၊ ကမ္ဘာ့အလယ်တွင် တရုတ်နိုင်ငံ၏ အင်အား ကြီးမားနေခြင်းများကြောင့် ၂ နိုင်ငံ စလုံးမှာ အပြန်အလှန် လိုအပ်ချက်များ ရှိနေကြောင်း၊ ရခိုင်အရေးတွင် မြန်မာအစိုးရက အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းကို တရုတ်နိုင်ငံက သိကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကေ်ာမတီဝင် ဦးမျိုးဇော်အောင်က ပြောသည်။
“ပြောမယ်ဆိုရင် တရုတ်ရဲ့ အကျိုးစီးပွားက ကျောက်ဖြူမှာတင် မကဘူး။ တနိုင်ငံလုံးမှာလည်း အများကြီး ရှိတယ်။ မြန်မာ အစိုးရနဲ့ ချစ်ခင် ရင်းနှီးချင်တယ်ဆိုတာလည်း ဒီအကျိုးစီးပွားတွေနဲ့ သက်ဆိုင်နေတာပေါ့နော်။ ဒီအကျိုးစီးပွား အများကြီး ရှိနေတဲ့ လုပ်ငန်း တွေကို ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်လို့ ရဖို့အတွက်ဆိုရင် ဒီလို ရင်းနှီးဖို့ အခြေအနေတွေ ပိုလိုတယ်”ဟု ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးမျိုးဇော်အောင်က ပြောသည်။
ထို့ပြင် ရခိုင်အရေးကို တရုတ်နိုင်ငံက တိုက်ရိုက် ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang)က တောင်းဆိုထားသော်လည်း လက်ခံမည် မဟုတ်ဘဲ အဓိကသက်ဆိုင်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့်သာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာ အစိုးရက တုန့်ပြန်ထားသည်။
တရုတ်က မြန်မာကို ကူညီမှုများတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း၊ ချစ်ကြည်ရေး ပညာသင်ဆု၊ ချစ်ကြည်ရေး ဆေးရုံ၊ ချစ်ကြည်ရေး သစ်တော၊ ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေး၊ နေပြည်တော် သပြေကုန်းဈေး ပြုပြင် တည်ဆောက်ရေး၊ အလင်းရောင် ခရီးစဉ် စီမံကိန်းများသည် ၂ နိုင်ငံ၏ ချစ်ကြည်ရင်နှီးမှုကို ပြသလျက်ရှိကြောင်း တရုတ်သံအမတ်ကြီးက မနေ့က အခမ်းအနားတွင် ပြောဆိုခဲ့သည်။