ရခိုင်ပြည် မြောက်ပိုင်းမှ ထွက်ပြေးသွားသော ဒုက္ခသည်များ ပြန်လက်ခံနိုင်ရေး ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့တခု ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်မည်ဟု သိရသည်။
“ဦးကျော်တင့်ဆွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြားမှာ ရက်ညှိနှိုင်းနေတယ်။ သွားရင် အဓိက ဆွေးနွေးမှာကတော့ ဟိုမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံနိုင်ရေးကိုပဲ ဆွေးနွေးမှာပေါ့။ ကျန်တဲ့ ၂ နိုင်ငံကြား ဆွေးနွေးစရာတွေလည်း ရှိမယ်။ အသေးစိတ်ကိုတော့ သွားခါနီးရင် သတင်းထုတ်ပြန်ပေးမယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ေဋ္ဌးက ဧရာဝတီသို့ အဆိုပါခရီးစဉ်ကို အတည်ပြုပြောဆိုသည်။
ယင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ဒေသသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၄၈၀၀၀၀ ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အသစ်ရောက်ရှိလာသူများနှင့် မြန်မာနိုင်ငံမှ ယခင် ပဋိပက္ခများကြောင့် ထိုဒေသသို့ ရောက်ရှိနှင့်ပြီးသား လူ ၃ သိန်းခန့် ပေါင်းပါက ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ ဖြစ်သည့် Cox’s Bazar မြို့မှ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၈ သိန်းနီးပါး ရှိပြီ ဖြစ်သည်ဟုလည်း သိရသည်။
ထိုအနေအထားကြောင့် အသစ်ရောက်ရှိလာသူများသည် သန့်ရှင်းမှုမရှိသည့် အခြေအနေတွင် လက်ဖြစ် ယာယီ အမိုး အကာများဖြင့်နေထိုင်ကြရပြီး ဝမ်းရောဂါ အပါအဝင် ကူးစက်ရောဂါများ အလွယ်တကူပြန့်ပွားနိုင်ကြောင်း သတိပေးမှုများ ပေါ်ထွက်လာနေသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၁၉၉၃ ခုနှစ်က သဘောတူညီထားသည့် စာချုပ်ပါအချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ပံ့ရေး ကိစ္စများအတွက်လည်း အပြည့်အဝ အာမခံချက်ပေးမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာချင်သူဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေမှာ မြန်မာနိုင်ငံ တွင် နေဖူးသူဖြစ်ရမည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ကြားခံ အနေဖြင့်ပါဝင်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းသည်။
ဒုက္ခသည် အားလုံးကို မြန်မာနိုင်ငံက ပြန်လည် ခေါ်ယူရေး ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုတင်ပြနေသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ်ခေါ်ဆိုပြီး ဘင်္ဂါလီဟု မြန်မာနိုင်ငံသား အများအပြားက သတ်မှတ်ထားသူ မွတ်ဆလင် ဒုက္ခသည်များကို ကာကွယ်ရေး မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် ဘေးကင်းဇုန်များ ဖန်တီးရေး အချက် ၅ ချက်ပါဝင်သည့် အစီအစဉ်တခုကို တောင်းဆိုတင်ပြခဲ့သည်။
ရိုဟင်ဂျာတို့၏ ဒုက္ခနှင့် ပတ်သက်၍ နိုင်ငံတကာတွင် မကျေနပ်မှုများ ပေါ်ထွက်နေပြီး ယခုလအတွင်းတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပဋိပက္ခ အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့သည်။
တပ်မတော်၏ စစ်ဆင်ရေးများကို ကုလသမဂ္ဂက “လူမျိုးဖြုတ်ရှင်းလင်းခြင်း” ဟု အမည်တပ်ခဲ့ပြီး ပြင်သစ်သမ္မတ Emmanuel Macron က ၎င်းထက်ပိုကဲ၍ “လူမျိုးတုန်း သတ်ဖြတ်မှု” တခု အဖြစ် ပြောဆိုခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေးနွေးပွဲတွင် မြန်မာ့အရေး တင်ပြရန် ရှိနေသည်။