မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့တွင် တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။
မွတ်ဆလင် ဒုက္ခသည် ၄၈၀၀၀၀ ထွက်ပြေးခဲ့သည့် ကိစ္စကို လုံခြုံရေးကောင်စီက တုန့်ပြန်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။
ဆွေးနွေးမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့် အစည်းအဝေးတွင် သိရှိရဖွယ်ရာရှိပြီး အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပဋိပက္ခအကြောင်းကို ရှင်းလင်း ပြောကြားမည်ဖြစ်သည်။
တရုတ်နိုင်ငံ နှင့် အခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ မှတ်ချက်များကို ပြောကြားမည်လည်း ဖြစ်သည်။
ယမန်နေ့ ညက နေပြည်တော်တွင် ပြုလုပ်သော တရုတ်နိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် အခမ်းအနား”တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန်က မြန်မာဘက်မှနေ၍ အခိုင်အမာ ရပ်တည်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးရသည့် ဒုက္ခသည်များ၏ ကံကြမ္မာအပေါ် နိုင်ငံတကာတွင် သတိပေးမှုများ တိုးလာနေပြီး တပ်မတော်၏ စစ်ဆင်ရေးတွင် သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း နှင့် ကျေးရွာများကို မီးရှို့ခြင်းများရှိခဲ့သည်ဟု ကုလသမဂ္ဂက စွပ်စွဲနေသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် မွတ်ဆလင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မ တော်၏ စစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့သည်။
ဗြိတိန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ် Jonathan Allen က လုံခြုံရေး ကောင်စီ အနေဖြင့် ပဋိပက္ခကို ရပ် တန့်ရန် လိုအပ်ကြောင်း မြန်မာ အာဏာပိုင်များထံ ရှင်းလင်းသေချာသော သတင်းစကားတခု ပေးပို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် အတွင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ခွင့်ပြုရမည် ဖြစ်ကြောင်း နှင့် မြန်မာ နိုင်ငံအတွင်းတွင် နိုင်ငံမဲ့ ဖြစ်နေသည့် မွတ်ဆလင်များ၏ အခြေအနေကို ဖြေရှင်းရမည် ဖြစ်ကြောင်း သူက ပြောသည်။
ပြင်သစ် သံအမတ် Francois Delattre ကလည်း သူ့ အနေဖြင့် လုံခြုံရေးကောင်စီက မြန်မာအာဏာပိုင်များ အပေါ် ခိုင်မာ၍ စည်းလုံးညီညွတ်သော တုန့်ပြန်မှု တခုပေးရန် တွန်းအားပေးနေခဲ့ကြောင်း ပြောသည်။
တရုတ်နိုင်ငံကပင် ပဋိပက္ခကို အဆုံးသတ်ရန် ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီ ကြေညာချက်ကို ထောက်ခံခဲ့သည်။
လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အချိန်ဆွဲနေခဲ့သည်ဟု စွပ်စွဲခဲ့သော လူ့အခွင့်အရေး အဖွဲ့အစည်းများက “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု” အဖြစ် သူတို့က သတ်မှတ်ထားသည့် ပြဿနာအတွက် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုရန် ဆော်ဩမှုများ လုပ်နေသည်။
“လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့တပ်မတော်ကို လက်နက်ဝယ်ယူခြင်းက ပိတ်ပင်ဖို့နဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အရေးတကြီး စဉ်း စားဖို့ လိုအပ်နေပါပြီ” ဟု Human Rights Watch အဖွဲ့၏ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ Lou Charbonneau က ပြော သည်။
အောက်တိုဘာလအတွင်းတွင် လုံခြုံရေး ကောင်စီ ဥက္ကဌ အဖြစ်ဆောင်ရွက်မည့် ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်ကို လာမည့်အပတ်အတွင်း သူ၏ အစီရင်ခံစာနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းဆွေးနွေးပေးရန် ဖိတ်ခေါ်ထားသည်။