နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေပြဋ္ဌာန်း နိုင်ရန်နှင့် ဥပဒေတွင် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းပြင်ဆင်နိုင်ရန်အတွက် သတင်းမီဒီယာ အဖွဲ့အစည်းများ အနေဖြင့် အကြံပြု ဆွေးနွေးပွဲ တရပ် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာ အမျိုးသမီး သတင်းသမားများ အဖွဲ့ (MWJS) က ဦးစီးပြီး စက်တင်ဘာလ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခြင်း ဖြစ်သည်။
သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေကြမ်းတွင် ပြင်ဆင်ရန် လိုအပ်သည့်အချက်များ ရှိနေသဖြင့် လွှတ်တော်သို့ မတင်ခင် အချိန်တွင် ဖြည့်စွက်ချက်များကို အကြံပြုနိုင်ရန်အတွက် ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း MWJS မှ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သည့် မအလှလေး သူဇာ က ဧရာဝတီသို့ ပြောသည်။
“လက်ရှိက ပြန်ကြားရေး ဝန်ကြီးဌာနက အဲ့ဒီဥပဒေ မူကြမ်းကို ရေးဆွဲပြီးပြီ။ အဲဒီဥပဒေမှာ အချက်အလက်တွေ ပြင်စရာ အများကြီး ရှိလို့ MPC (သတင်းမီဒီယာ ကောင်စီ) နဲ့ Pyi Gyi Khin (PGK) အဖွဲ့က လွှတ်တော် မတင်ခင် ထပ်မံ ဖြည့်စွက်နိုင်အောင် လုပ်နေတာပါ။ မနေ့က ဆီဒိုးနားဟိုတယ်မှာ လုပ်တဲ့ပွဲက မီဒီယာတွေအားလုံး အတွက် များစွာ သက်ဆိုင်တဲ့ Right to Information ဥပဒေမူကြမ်းအပေါ် သဘောထား အကြံပြုချက်တွေ ပေးနိုင်အောင်လို့ တွေ့ဆုံပွဲ လုပ်တာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
Pyi Gyi Khin (PGK) ပြည်ကြီးခင် အဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်ကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နိုင်ငံသားတိုင်း အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ် များ၏ ရပိုင်ခွင့်နှင့် လိုအပ်သည့် ဝန်ဆောင်မှုများကို ရရှိစေရန် ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကျော် ကလည်း သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေသည် ဒီမိုကရေစီ နိုင်ငံတခုအနေဖြင့် လိုအပ်ကြောင်း၊ ထိုဥပဒေတွင် အဓိက လိုအပ်သည့် အချက်အလက်များ ပါဝင်နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြကြောင်း ပြောသည်။
ဦးမြင့်ကျော်က “Right to Information ဥပေဒမှာ အခြေခံပြီးတော့ ဘယ်ဟာတွေက အဓိက အရေးကြီးလဲ၊ Right to Information ဥပေဒမှာ ဘယ်အချက်က ပါဝင်သင့်လဲ၊ အဲဒါကို လုပ်နေတဲ့ ပြည်ကြီးခင် တို့ကရော နောက်တခြား အဖွဲ့ တွေနဲ့ ဆွေးနွေးကြတယ်။ ဒီဥပေဒကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရှိသင့်တာပေါ့။ မြန်မာနိုင်ငံ အနေနဲ့လည်း ရှိသင့် တယ်” ဟုလည်း ပြောဆိုသည်။
သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေမူကြမ်း တရပ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူကာ ယခင်အစိုးရ လက်ထက်မှစတင် ရေးဆွဲနေပြီး အခန်း ၁၃ ခန်း ပါဝင်ကြောင်း သိရသည်။
MWJS မှ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သည့် မအလှလေး သူဇာ က “ဒီဥပဒေက ပြည်သူတွေ အားလုံးအတွက် အရေးပါတဲ့ ဥပဒေတခုပါ။ ဘာလို့လဲ ဆိုတော့ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုတာ ပြည်သူတွေအတွက် သိသင့်တဲ့ သတင်းအချက်အလတ် များစွာ ရှိပါတယ်။ အဲဒါတွေကို တရားဝင် တောင်းဆို ရယူ သိရှိပိုင်ခွင့် ရနိုင်ဖို့ ဥပဒေက များစွာ အထောက်အကူ ဖြစ်စေပါတယ်”ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် နှင့် နယ်မြို့များရှိ မီဒီယာ အဖွဲ့အစည်းပေါင်းစုံ မှ လူဦးရေ ၉၀ နီးပါး တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။