ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု ဥက္ကဋ္ဌ နိုင်ဟံသာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခဲ့စဉ်က ဆွေးနွေးချက် အချို့ကို ထုတ်ဖော် ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့ထိ UNFC မှ ကြီးမှုးကျင်းပသော Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးချက် အချို့အား ရှင်းလင်းပြောဆိုသွားခြင်းဖြစ်သည်။
နိုင်ဟံသာ က မွန်ပြည်သစ်ပါတီ (NMSP) နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ၎င်းတို့ကြုံတွေ့နေရသည့် အဟန့်အတားများ ရှင်းပြခဲ့သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အကြံပြုချက်များကိုလည်း ထောက်ပြခဲ့ကြောင်း နိုင်ဟံသာ က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် NMSP သည် တပ်မတော်လက်အောက်ခံ အဖွဲ့အစည်းမဟုတ်ကြောင်း သို့သော်လည်း ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော မွန်အမျိုးသားနေ့၊ မွန်တော်လှန်ရေးနေ့ တို့ပြုလုပ်ရာတွင် တပ်မတော်က စစ်အင်အားများချ၍ ကန့်သတ်၊ ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်းသည် ခြိမ်းခြောက် ဖိအားပေးမှုပြုလုပ်နေသည့် အနေအထားမျိုးဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဆိုသည်။
တပ်မတော်အနေဖြင့် ယင်းသို့ အကျပ်ကိုင်လုပ်ဆောင်မှုမျိုးသည် ငြိမ်းချမ်းရေးကို ယုံကြည်မှု တည်ဆောက်ခြင်းမျိုး မဟုတ်ဘဲ ပျက်ပြားစေသည့် သဘောကို ဆောင်ကြောင်း၊ ယင်းအခြေအနေတွင် သေနတ်ပေါက်ခဲ့လျှင် နှစ်ပေါင်းများစွာ တည်ဆောက် ခဲ့ရသော ငြိမ်းချမ်းရေး ပျက်ပြားနိုင်ကြောင်းလည်း ထောက်ပြခဲ့သည်ဟုဆိုသည်။
နိုင်ဟံသာ က “ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ တဘက်နဲ့ တဘက် ယုံကြည်မှု ခိုင်မာဖို့ လိုတယ်။ အဲဒီလိုယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ဖိအားပေးတဲ့ပုံစံမျိုး အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ တည်ဆောက်လို့မရဘူးလို့ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတယ်။ နောက်ဆုံး မလွှဲသာလို့ ကျပ်တည်းလွန်းလို့ လက်ခံလိုက်ရရင်တောင် ရေရှည်မခံဘူးလို့ ပြောခဲ့တယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “အဲဒီအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း လက်ခံတယ်။ ဟုတ်ပါတယ်။ ကျမတို့လည်း လက်ခံပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ ယုံကြည်မှုကို အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရဘူးဆိုတာ ကျမ နားလည်ပါတယ် တဲ့။ ဒါပေမယ့် တခုသူပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ တပ်မတော်အပေါ်မှာ ကျမတို့လည်း ပြောလို့ မရဘူးတဲ့။ အဲဒါမျိုး သူလည်း ပြောပြပါတယ်” ဟု ရှင်းပြသည်။
ယင်းတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်စေရန်အတွက် အကြံဉာဏ် ပေးရန် တိုက်တွန်းသဖြင့် လက်ရှိဖော်ဆောင်နေသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်နိုင်ရေး အပါအဝင် အချက် ၃ ချက်ကို ထောက်ပြ အကြံပြုခဲ့သည်ဟု ဆိုသည်။
“အဓိက ကတော့ ၃ ချက် အကြံပေးလိုက်တယ်။ သက်ဆိုင်တဲ့ အဓိက လက်နက်ကိုင် အင်အားစုတွေ အားလုံး ပါဝင်ရေး၊ နိုင်ငံရေး မူဘောင်ကို အားလုံး ပါဝင်ချမှတ်နိုင်ရေးနဲ့ နိုင်ငံရေး မူဘောင်ပါ အချက်တွေကို တဆင့်ပြီး တဆင့် ကျေကျေ ညက်ညက် ပြေလည်အောင်လုပ်ပြီးတော့မှ နောက်တဆင့်ကို တက်ဖို့ အဲဒီလို ကျနော်အကြံပေးခဲ့တယ်” ဟု နိုင်ဟံသာ က ပြောသည်။
၎င်း၏ အကြံပြုချက်များ အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ခံကြောင်းမပြောသလို လက်မခံကြောင်းလည်း ပြောဆိုခြင်း မရှိကြောင်း၊ သို့သော်လည်း ၎င်း၏ တင်ပြချက်အပေါ် ငြင်းလို့မရနိုင်ဟု ခန့်မှန်းကြောင်း သူကဆိုသည်။
NMSP သည် UNFC တပ်ပေါင်းစုတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့နှင့် အတူ အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးညှိနှိုင်းနေလျှက်ရှိသည်။