ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အစိုးရဆန့်ကျင်ရန် လူသစ်စုဆောင်းမှုများ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့သည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက အင်္ဂါနေ့တွင် ပြောသည်။
တိုင်းဝန်ကြီးချုပ်က ထိုသို့ပြောကြားရာတွင် မည်သည့်အဖွဲ့အစည်းကိုမျှ တိုက်ရိုက်ထုတ်ဖော်ပြောကြားခြင်းမပြုသော်လည်း လူသစ်စုဆောင်းသူများက အမ်းတွင် လုပ်ငန်းများပြီးစီးသောအခါ ဦးလျှင် ကျပ်ငွေ ၅ သိန်းပေးမည်ဟု ကမ်းလှမ်းကြောင်း ပြောသည်။
“လုံခြုံရေးအရ ဒီလူသစ်စုဆောင်းသူရဲ့ အမည်ကိုတော့ ထုတ်ဖော်မပြောနိုင်ပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက သူ၏ရုံးတွင် သတင်းသမားများကို ပြောသည်။ “ ဒါပေမယ့် တိုင်းအတွင်းက တာဝန်ရှိသူ အသီးသီးကို အကြောင်းကြားပြီး ညွှန်ကြားထားပြီးပြီ” ဟုလည်း သူက ပြောသည်။
ထိုသို့လုပ်ဆောင်သူများသည် မည်သည့်အကြောင်းကြောင့် အမ်းတွင် မတည်ငြိမ်မှုဖန်တီးလိုသည်၊ မည်သည့်အတွက် မကွေးတွင် လာရောက် လူသစ်ရှာသည်နှင့် လူအင်အား မည်မျှရရှိခဲ့သည်တို့ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ယခုလ အစောပိုင်းက မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်တွင် လူ ၄၀၀ ခန့်ရှိသော အုပ်စုတစုသည် ဓားများ၊ ဝါးရင်းတုတ်များ ကိုင်ဆောင်ကာ ဗလီတခုနှင့် မွတ်ဆလင်ပိုင် နေအိမ်များကို တိုက်ခိုက်ခဲ့သည်။ ထိုလူအုပ်ကို နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး တိုက်ခိုက်မှုတွင် ပါဝင်သောကြောင့် အသက် ၃၀ အရွယ် ကိုနှင်းကိုကိုလင်းကို ဖမ်းဆီးခဲ့သည်။
သူသည် ရခိုင်ပြည်နယ်အခြေအနေကြောင့် စိတ်ပျက်ပြီး တိုက်ခိုက်ခဲ့သည်ဟု အစိုးရ၏သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာသည်။
ဧရာဝတီသတင်းဌာနနှင့် ပြောဆိုခဲ့သော တိုင်းရဲတပ်ဖွဲ့အရာရှိတဦးကမူ တိုင်းအစိုးရထံမှဖြစ်စေ ပြည်ထောင်စုအစိုးရထံမှဖြစ်စေ မည်သည့်အမိန့်ကိုမျှ မရသေးကြောင်း ပြောသည်။