သတင်း

နာဂ (NSCN-K)နှင့် အိန္ဒိယစစ်တပ်တို့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယ-မြန်မာ့ နယ်စပ်၌ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)နှင့် အိန္ဒိယ စစ်တပ်တို့ မနေ့ စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရသည်။

အိန္ဒိယသတင်းစာများ အဆိုအရ တိုက်ပွဲဖြစ်ပွားမှုမှာ နာဂလက်နက်ကိုင် အဖွဲ့ (NSCN-K)မှ အိန္ဒိယ စစ်တပ်ကို လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်လည် တိုက်ခိုက်ခဲ့သော ဖြစ်စဉ်တခုသာ ဖြစ်သည် ဟု အိန္ဒိယစစ်ဘက်၏ အရှေ့ပိုင်း စစ်ဌာန ချုပ်၏ ပြောကြားချက်ကို ကိုးကား၍ The News Indian Express ဆိုသည်။

နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K) အဖွဲ့ ဗဟိုကော်မတီ ဦးကျော်ဝမ်းစိန်ကမူ “မနေ့(စက်တင်ဘာ ၂၇ ရက်)က အိန္ဒိယနဲ့ မြန်မာနယ်စပ် စည်း မျဉ်း မှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါ တယ်၊ မနက် ၃နာရီကနေ ၇နာရီလောက် အထိပေါ့၊ ကျနော်တို့ဘက်ကတော့ ပစ်တယ်ဆိုတာတော့ မဟုတ်ဘူး၊ ဘာကြောင့်လည်း ဆိုတော့ အိန္ဒိယဘက်မှာလည်း နာဂရှိတယ်။မြန်မာပြည်မှာလည်း နာဂရှိတယ်ဆိုတော့ ကျနော်တို့ကတော့ အခုဒေသမှာ ရှိပြီးသား ဖြစ် နေတာပေါ့။ အဲ့ဒီမှာ အိန္ဒိယ တပ်တွေက လာပြီးမှ ပစ်တာလို့ ပြောတယ်”ဟု ပြောသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီကျော်မှ ၇ နာရီအထိ အိန္ဒိယ-မြန်မာ နယ်စပ် စည်းမျဉ်းတွင် NSCN-K နှင့် အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသော်လည်း နှစ်ဖက် ထိခိုက် ဒဏ်ရာရရှိမှုများ မရှိပဲ တိုက်ပွဲမှာ ပြန်လည် ငြိမ်သက် သွားကြောင်း ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။

NSCN-K သည် မြန်မာပိုင်နက် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေ သော နာဂ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နာဂလူမျိုးများ လွတ်မြောက်ရေးနှင့် ကိုယ်ပိုင် ပြဌာန်ခွင့် ရရှိရေးအတွက် အိန္ဒိယအစိုးရအား တောင်းဆို တိုက်ခိုက်နေသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ဇွန်လအတွင်းကလည်း အိန္ဒိယစစ်ဘက်မှ လုံခြုံရေးဆောင်ရွက်နေသော ယာဉ်တန်းကို NSCN-K အဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် အိန္ဒိယစစ်တပ်ဘက်မှ ကျဆုံးမှု အနည်းအငယ်ရှိခဲ့ပြီး နှစ်ဖက် တင်းမာမှုဖြစ်ခဲ့ကြ သေးသည်။

အိန္ဒိယအစိုးရနှင့် NSCN-K တို့အကြား ၂၀၀၃-၂၀၀၄ က အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုး ခဲ့သော်လည်း ၂၀၁၆ တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။

“ကျနော်တို့ အိန္ဒိယနဲ့ အပစ်အခတ်ရပ်စဲရေးကို ၂၀၀၃- ၂၀၀၄ လောက်မှာ လက်မှတ်ထိုးထားတယ်။ ထိုးပြီး နောက်ပိုင်း ကျတော့ တစ်နှစ်ပြီး တစ်နှစ်ပေါ့ အပစ်ရပ်စဲရေးလုပ်တာပေါ့။ နောက်ပိုင်းကျတော့ မနှစ်တုန်းက ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ ပျက်ပြယ်သွားခဲ့တာပေါ့ ၂၀၁၁ မှာ မဟုတ်ဘူး ၂၀၁၆ မှာ ပျက်တယ်”ဟု ၎င်းက ပြောသည်။

တခြားသော သတင်းများအရ အိန္ဒိယအစိုးရနှင့် NSCN-K အကြား ၂၀၀၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ထားရာမှာ ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်သွားခဲ့ပြီး တိုက်ပွဲများ ကြိုးကြား ကြိုးကြား ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရအား တိုက်ခိုက်နေသော နာဂလက်နက်ကိုင်တပ်များမှာ အနည်းဆုံး သုံးဖွဲ့ရှိပြီး မဏိပူ လက်နက်ကိုင်လည်း ရှိကြောင်း၊ ထိုလက်နက်ကိုင်များသည် မြန်မာပိုင်နက်အတွင်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထိုအထဲမှ NSCN-K သည် မြန်မာအစိုးရ(သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်)နှင့် ၂၀၁၂ ခုနှစ်က ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုအဆင့်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းမှုများလည်း ရှိသည်။

သို့သော် NSNC-K မှ NCA ကို လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အိန္ဒိယရှိ နာဂလူမျိုး များနှင့် မြန်မာနိုင်ငံရှိ နာဂလူမျိုးများအားလုံးကို လွှမ်းခြုံနိုင်သော စေ့စပ်ညှိနှိုင်းမှု ပြုလုပ်လာမှသာ လျှင် NCA ထိုးနိုင်ရေး ဆွေးနွေးမှု ပြုလုပ်နိုင်မည်ဟု ၂၀၁၇ ခုနှစ်၊သြဂုတ် ၁၁ ရက်က ဦးကျော်ဝမ်းစိန်မှ ဧရာဝတီသို့ ပြောကြားထားသည်။

နာဂလူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပြန့်နှံနေထိုင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံရှိ မဏိပူရ၊ အာသံ၊ မီဇိုရမ် တို့တွင် နာဂလူမျိုး သုံးသန်းခန့် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံမှာတော့ စစ်ကိုင်း တိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ(လေရှီးမြို့နယ်၊လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်)တွင် လူဦးရေ သုံးသိန်းကျော် နေထိုင်လျက်ရှိကြောင်း နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading