သတင်း

စွပ်စွဲချက်များရှိသော်လည်း မြန်မာကို လက်နက်များ အစ္စရေး ရောင်းချမည်

Want create site? Find Free WordPress Themes and plugins.

ရိုဟင်ဂျာဆိုသူများကို “မျိုးဖြုတ်သတ်ဖြတ်မှု”၊ “လူမျိုးတုန်းသတ်ဖြတ်မှု” ကျူးလွန်ကြောင်း စွပ်စွဲချက်များရှိစေကာမူ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို ရပ်စဲမည်မဟုတ်ကြောင်း အစ္စရေးနိုင်ငံက လာသော သတင်းများက ဆိုသည်။

တိုင်းပြည်နယ်စပ်ကို စောင့်ကြပ်ရာတွင် သုံးမည့် တင့်ကား ၁၀၀ ကျော်၊ လက်နက်များနှင့် ကင်းလှည့် စစ်ရေယာဉ်များ ရောင်းချမည့် အကျိုးအမြတ်များသော သဘောတူညီချက်များကို အစ္စရေးနှင့် မြန်မာနိုင်ငံတို့ လက်မှတ်ရေးထိုးထားသည်။

ယင်းသဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ရောင်းချသော လက်နက်များကို ဆိုင်းငံ့ထားရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ဗဟိုတရားရုံးသို့ တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး အစိုးရရှေ့နေများက တံခါးပိတ်အစည်းအဝေး အများအပြား ကျင်းပခဲ့ပြီးနောက် အင်္ဂါနေ့က တိုက်ရိုက်ကြားနာခြင်းအဆင့်သို့ ရောက်လာသည်။

သတင်းများအဆို အစ္စရေးအစိုးရ၏ တောင်းဆိုချက်ကြောင့် ဗဟိုတရားရုံး၏ ဆုံးဖြတ်ချက်ကို အများပြည်သူထံ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားမည်ဟု သိရသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ဆို့ထားကြောင်းနှင့် အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသည့် တခုတည်းသော အနောက်နိုင်ငံဖြစ်ကြောင်း အထက်ပါ ဗဟိုတရားရုံးသို့ တောင်းဆိုသော စာပေးပို့သူများ၏ ရှေ့နေ Eitay Mack က ကန့်ကွက်ပြောဆိုသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစ္စရေးနိုင်ငံသို့ လာ ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံစစ်ဘက်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Gadi Eisenkot နှင့် တွေ့ဆုံခဲ့သည်ဟု အထက်ပါ အစ္စရေးနိုင်ငံ ဗဟိုတရားရုံးသို့ တောင်းဆိုသောစာတွင် ဖော်ပြထားသည်။

TAR Ideal Concepts ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မြန်မာ့တပ်မတော် အရာရှိများ ပါဝင်သည့် ဓာတ်ပုံ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူသည် ကာကွယ်ရေးစက်မှုလုပ်ငန်း အများအပြားကို လေ့လာခဲ့ပြီး ကင်းလှည့် စစ်ရေယာဉ်များမှာယူခဲ့သည်ဟု သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ထိုသင်္ဘောများအား ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြား ရေပိုင်နက်တွင် အသုံးပြုမည်ဟု ယူဆရသည်။

ရှေ့နေ Eitay Mack ၏အဆို အစ္စရေး ကာကွယ်ရေးဆိုင်ရာ TAR Ideal Concepts ကုမ္ပဏီက မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်ကို သင်တန်းပေးနေကြောင်း သိရသည်။

“TAR Ideal Concepts ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ရခိုင်မှာ စစ်ဆင်ရေးလုပ်နေတဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးနေပြီး သင်တန်းတွေ ပေးနေတာကို ဖော်ပြထားတာကို ကျနော်တို့ သိပါတယ်” ဟု ရှေ့နေ Eitay Mack က အစ္စရေး Telesur ရုပ်သံသို့ ပြောဆိုခဲ့သည်။

သို့သော် အစ္စရေး အစိုးရရှေ့နေများသည် ဖိအားကို ဂရုစိုက်ပုံ မပေါ်ပေ။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုခြင်းကို အင်္ဂါနေ့က ကြားနာရာတွင် အစိုးရရှေ့နေ Shosh Shmueli က ဗဟိုတရားရုံးအနေဖြင့် အစ္စရေးအစိုးရ၏ပြည်ပဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ဟု ပြောသည်။

ထိုကြားနာမှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်မည်ဟု မျှော်လင့်ရသော်လည်း အစ္စရေးနိုင်ငံရေးသမားများသည် ထိုပြဿနာကို တွန်းအားပေးလိုခြင်း မရှိကြဟု အစ္စရေးမှ လာသော သတင်းများက ဆိုသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရရှေ့နေ၏တုံ့ပြန်ပုံသည် မတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်အတိုင်းသာ ဖြစ်သည်။ ထိုစဉ်က ဗဟိုတရားရုံးသည် သံတမန်ရေးရာများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။

အစ္စရေးနိုင်ငံ၏လက်နက်ရောင်းချရေးမူဝါဒများသည် အသိဉာဏ်တိုးတက်သောနိုင်ငံများက လက်ခံထားသည့် လမ်းညွှန်များနှင့် ကိုက်ညီမှုရှိသည်ဟုပင် ကာကွယ်ရေးဝန်ကြီး Avigdor Lieberman က ပြောပြီး ဗဟိုတရားရုံးသို့ တင်သွင်းသော တောင်းဆိုစာပါ ပူပန်မှုများကို ပယ်ချခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading