သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံခြင်းနှင့်အတူ နိုင်ငံသား စိစစ်မှု ပူးတွဲ ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် လက်ခံ ရာတွင် နိုင်ငံသား စိစစ်မှု လုပ်ငန်း အစိတ်အပိုင်း ဖြစ်သည့် နိုင်ငံသား စိစစ်ခံရမည့်သူ သက်သေခံ လက်မှတ် (NVC) ကတ်ပြား ကို ပူးတွဲ ထုတ်ပေးရန် ရှိကြောင်း သတင်း ရရှိသည်။

“သတ်မှတ်ချက်နဲ့ ကိုက်ညီလို့ စခန်းတွေကို ရောက်လာရင် လျှောက်လွှာနဲ့ လူနဲ့ ပြန်ကိုက်ပြီးတော့မှ လက်ခံမှာ။ အဲဒီ အချိန် ကျရင် NVC ကတ်က ရှိတော့ ရှိတယ်။ ပျောက်နေတယ်ဆိုရင် ဒါမှမဟုတ် White Card အပ်ထားတဲ့ မိတ္တူပဲ ရှိတယ်ဆိုရင် အဲဒီလို လက်ခံတဲ့ အချိန်မှာ NVC ကတ်တွေကို အပြီး ပြန်ထုတ်ပေးမယ်”ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ပြန်လာမည့်သူများ အတွက် ဖြည့်ရမည့် ကိုယ်ရေးအချက်အလက် ဖောင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ပေးမည် ဖြစ်ပြီး ယင်းဖောင်များတွင် ဘင်္ဂါလီများက ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်း၍ မြန်မာ နိုင်ငံ တွင် နေထိုင်ခဲ့စဉ်က ရရှိထားသည့် ကတ်တခုခု၏ အထောက်အထားကို မိတ္တူစွဲ၍ ပြန်လည် တွဲပို့ပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။

“NVC ကတ် ကိုင်ခဲ့သလား။ White Card အပ်ထားတုန်းက အပ်နှံပြေစာတွေ ရှိသလား။ မြန်မာနိုင်ငံမှာ ရှိခဲ့တုန်းက အထောက်အထား တခုုခုကို မိတ္တူကူး တွဲပို့ပြီးတော့ ကျနော်တို့ဆီကို ပြန်ပို့ရမယ်။ အဲဒါကို နိုင်ငံတော်က ဖွဲ့ပေးတဲ့ အဖွဲ့နဲ့ စစ်ဆေးပြီးတော့မှ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကို ကျနော်တို့က ဘယ်နေ့ ဘယ်ရက်မှာ ဘယ်စခန်းကို လွှတ်ပေး ပါဆိုပြီး ကျနော်တို့က ခေါ်မယ်”ဟု ဦးမြင့်ကြိုင်က ဧရာဝတီသို့ ပြောသည်။

NVC ကတ်ဆိုသည်မှာ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်ဆောင်ရမည့် သက်သေခံကတ်ပြား ဖြစ်ပြီး နိုင်ငံသား ကတ် ပြား ရရှိရန်အတွက် မြန်မာပြည်သို့ ရောက်ရှိ နေထိုင်ကြောင်း အထောက်အထား ယူထားသည့် သဘောဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များ လက်ခံခြင်းကို ကုန်လမ်းမှ ဝင်လာသူများကို တောင်ပြိုလက်ဝဲမြို့တွင် လည်းကောင်း၊ ရေလမ်း မှ ဝင်လာမည့် သူများကို မောင်တောမြို့နယ် ငါးခူးရ ကျေးရွာတွင် လည်းကောင်း လက်ခံမည် ဖြစ်ပြီး ယင်း လက်ခံရေး လုပ်ငန်းစဉ်အတွက် ကျပ် ၂ ဘီလီယံကျော် သုံးစွဲသွားမည်ဟုလည်း သတင်းရရှိသည်။

“သူတို့ လျှောက်ပြောနေတာ ၃ သိန်းတွေရော ဘယ်လောက်ပဲရှိရှိ သူတို့ ပြောတာပဲ။ ဒီက အထောက်အထားတွေနဲ့ စစ်ပြီးမှ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ ကိုက်ညီတဲ့သူတွေ စာရင်း ထုတ်ပြန်မှာ။ ထုတ်ပြန်ပြီးရင် အသုတ်လိုက် စခန်း တွေကို ခေါ်တယ်။ အဲဒီမှာ လျှောက်လွှာထဲမှာပါတဲ့ ကိုယ်ရေး အချက်အလက်နဲ့ ဓာတ်ပုံနဲ့ လက်ဗွေနဲ့ ကိုက်မကိုက် ပြန် စစ်မယ်။ ကျန်းမာရေး စစ်ဦးမယ်။ အဲဒါတွေ စစ်ပြီးမှ လက်ခံတဲ့ အဆင့်ကို ရောက်ပြီဆိုမှ NVC ကတ် ထုတ်ပေးမှာ ဖြစ်ပါတယ်”ဟု လဝက အရာရှိ ဦးမြင့်ကြိုင်က ပြောသည်။

ဒုက္ခသည်များ ပြန်လည် လက်ခံခြင်းကို ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူထားသည့်အတိုင်း ၁၉၉၃ ခုနှစ် စာချုပ်အရ လက်ခံ ရာတွင် အစိုးရက သီးသန့် ဖွဲ့စည်းပေးထားသည့် အဖွဲ့တခုဖြင့် ဆောင်ရွက်ပြီး အမြန်ဆုံး အကောင်ထည်ဖော် သွားမည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ယမန်နေ့က နေပြည်တော်တွင် ပြောသည်။

ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးဖေသန်းကမူ “နိုင်ငံတကာ ဖိအားက လျော့သွား အောင် လက်ခံ ရလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံသား စိစစ်မယ့် လုပ်ငန်းကို တခါ တည်း လုပ်လိုက်။ ကိုယ့်တိုင်းပြည်ရဲ့ စည်းအပြင်ဘက် ရောက်သွားပြီ ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို အသုံးချပြီး တော့ နိုင်ငံသား စိစစ်ရေးကို လုပ်စေချင်တယ်”ဟု ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ယင်းနေရာတွင် တခါတည်း အသုံးချ၍ ဘင်္ဂါလီဟု လက်ခံမှသာ နိုင်ငံသို့ ပေးဝင်ပြီး ရိုဟင်ဂျာ ဆိုလာပါက ဝင်ခွင့်မပြုသင့်ကြောင်း၊ ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင် နေစဉ်ကပင် ရိုဟင်ဂျာ အမည်မခံရ ၍ သန်းခေါင်စာရင်း ကောက်ယူခွင့် မပေးခဲ့ကြောင်း ဦးဖေသန်းက ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့မှာ စာရင်းအတိအကျ မရှိတော့ တော်တော်ကို ဒုက္ခရောက်တယ်။ ကိုယ့်ဆီက သွား တဲ့ လူရယ်လို့ အထောက်အထားပြဖို့ ဆိုတာ သူတို့ဘက်က ခက်ခဲသလို ကျနော်တု့ိဘက်ကလည်း သူတို့ ပြောသမျှကို လက်ခံဖို့ဆိုတာ ခက်ခဲတယ်။ အဲဒါ အစိုးရရဲ့ အားနည်းချက်။ အခုဘယ်စာရင်းနဲ့ သွားပြီး လက်ခံမှာလဲ”ဟုလည်း ပြောဆို သည်။

မကြာမီ ရက်ပိုင်းအတွင်းတွင်လည်း ရခိုင်အရေးကို အဓိကတာဝန်ယူ ဖြေရှင်းနေသည့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် သွားရောက်ပြီး ဒုက္ခသည် ပြန်လည် လက်ခံရေး ကိစ္စရပ်များ အပါအဝင် ၂ နိုင်ငံကြား ပြဿနာများကို ဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရက ပြောဆိုထား သည်။

အစောပိုင်း ရခိုင် အရေးအခင်းများတွင် ထွက်ပြေးသွားသူများမှာ ၃ သိန်းခန့်ရှိပြီး ယခုတဖန် အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း ထပ်မံ ထွက်ပြေးသူများနှင့် ပေါင်းလျှင် ဒုက္ခသည် ၈ သိန်းနီးပါး ရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ သတင်းများက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ၁၉၉၃ ခုနှစ်က သဘောတူညီထားသည့် စာချုပ်ပါ အချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ပံ့ရေး ကိစ္စများအတွက်လည်း အပြည့်အဝ အာမခံချက်ပေးမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

မောင်တောဒေသ ရေရှည်တည်ငြိမ်မှု ရရှိစေရန် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေးတို့ကို ၂၀၁၈ ခုနှစ် မကုန် မီတွင် အပြီးသတ်မည် ဖြစ်ကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ရှိ ကြောင်း၊ နိုင်ငံတကာသို့ သတင်းထုတ်ပြန်နိုင်ရန် အတွက် ဝန်ကြီးဌာနများက Twitter အကောင့်များ ဖွင့်ရန်လည်း ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မိုးမိုး ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading