ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ်ရှိ River Kwai အမည်ရ ပြောင်းဖူးစက်ရုံတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအလုပ်သမား ၅၀၀ ကျော်သည် စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်၍ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး ဒုတိယမြောက် နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်း၍ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဆန္ဒပြ မြန်မာအလုပ်သမားများသည် စက်တင်ဘာ ၂၈ ရက်နေ့တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် အတူ ထိုင်း အလုပ်သမား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ကူညီစောင့်ရေး အဖွဲ့ (AAC) တို့ ဝင်ရောက်ညှိနှိုင်းပြီးနောက် ပြေလည်သွားခြင်းဖြစ်သည်။
AAC အဖွဲ့၏ အထွေထွေတာဝန်ခံနှင့် သတင်းပြန်ကြားရေး ဦးရဲမင်း က “အလုပ်သမားသံအရာရှိနဲ့ အတူ ကျနော်တို့ကိုယ်တိုင် ဆင်းသွားပါတယ်။ လုပ်အားခ ကိစ္စ အပါအဝင် သူတို့ရဲ့ တောင်းဆိုချက် တွေကို အလုပ်ရှင်က သဘောတူပေးလိုက်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေလည်း မနက်ဖြန်ဆိုရင် ပုံမှန် အလုပ်ဆင်းပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြမှုဖြစ်ပွားခဲ့သော River Kwai အမည်ရ ပြောင်းဖူးစက်ရုံသည် ပြောင်းဖူးဖြင့် ပြုလုပ်သော စားသောက်ကုန်မျိုးစုံကို ထုတ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့လျှက်ရှိကြောင်း သိရသည်။
အလုပ်သမားများက ၎င်းတို့၏ ထိုက်သင့်သည့် လုပ်အားခမှာ ၁ ရက်လျင် ဘတ် ၃၁၀ (ကာလပေါက်ဈေး ကျပ် ၁၂၅၀၀ ခန့်) ပေးရမည့် အစား အမျိုးသားများကို ၁ ရက် ဘတ် ၂၄၀၊ အမျိုးသမီးများကို ၁ ရက် ဘတ် ၂၃၀ နှင့် အချိန်ပိုကြေးကိုလည်း အမျိုးသား ၃၅ ဘတ်၊ အမျိုးသမီး ၃၃ ဘတ် သာ ပေးသဖြင့် အလုပ်မဆင်းဘဲ ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
River Kwai စက်ရုံ အနေဖြင့် ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားသော လုပ်ခ လစာ ခံစားခွင့်ကို ချိုးဖောက်သလို အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများဖြစ်သည့် နားရက်များလည်း ခွင့်မပြုဘဲ ချိုးဖောက်ခံခဲ့ရကြောင်း ဆန္ဒပြ အလုပ်သမားများကလည်း ပြောသည်။
ဆန္ဒပြ အလုပ်သမား ကိုမျိုး က “အခုတော့ ဒီနေ့ ညှိနှိုင်းဖြေရှင်းလိုက်လို့ အဆင်ပြေမှုရသွားပါပြီ။ ကျနော်တို့က တရက် လုပ်အားခ ဘတ် ၃၀၅ ဘတ် ရမယ်။ အချိန်ပိုကြေးက ၅၆ ဘတ် ရမယ်။ နားရက်တွေလည်းခွင့်ပြုလိုက်ပြီ။ နားရက်မှာ အလုပ်ဆင်းမယ်ဆိုရင် ၂ ဆရမယ်၊ တခြား အလုပ်သမား ကဒ် ကိစ္စတွေလည်း အဆင်ပြေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း စားဝတ်နေရေးနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံ အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသော လုပ်အားခများ မရဘဲ ဈေးနှိမ်ခံပြီး လုပ်ပေးနေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများစွာရှိပြီး ယင်းအခြေအနေများကို မြန်မာ အစိုးရ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ၎င်းတို့လို အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း ဦးရဲမင်း ကပြောသည်။
“မိမိရဲ့လုပ်အားခတွေ ထိုက်ထိုက်တန်တန် ရတော့မယ်ဆိုတော့ အလုပ်သမားတွေပျော်ရွှင်တာပေါ့။ ရွေ့ပြောင်းလုပ်သားတွေ မတရားခိုင်းစေခံနေရတဲ့ အနေအထားကနေ လွတ်မြောက်သွားတယ်လို့ ပြောရမှာပေါ့။ ထိုင်းနိုင်ငံမှာ အခုလို ဈေးနှိမ်ပြီး အခိုင်းခံနေရတဲ့ သူတွေရှိနေသေးတယ်ဆိုတာကို မြန်မာနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာနဘက်က လူကြီးတွေကိုလည်း သိစေချင်ပါတယ်” ဟု ဦးရဲမင်း က ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာ နိုင်ငံသား ၃ သန်းဝန်းကျင်ရှိပြီး တရားဝင် အထောက်အထားရှိသူ ၂ သန်း ၂ သိန်း ကျော် ရှိကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ထားသည်။ အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းရောက် မြန်မာ ၄ သန်းကျော်ရှိကြောင်း ပြောဆိုကြသည်။