သတင်း

လူတဦး မိုင်းထိလျှင် ကျပ် ၂ သိန်း ထောက်ပံ့မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လူတဦး မိုင်းထိလျှင် အစိုးရက မြန်မာ ကျပ်ငွေ ၂ သိန်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ကျော်မိုးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း လူ ၇၀ ဦး မိုင်းထိခဲ့ရာ ၅၀ ဦးကို တဦးလျှင် ကျပ် ၂ သိန်းစီ ထောက်ပံ့ပေးထားပြီး ကျန် ၂၀ ကိုလည်း ထောက်ပံ့ ပေးနိုင်ရန် ဖြည့်စွက်ရန်ပုံငွေ တောင်းခံ၍ ဆက်လက် ကူညီမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ ACE ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် လူသားစာနာထောက်ထားမှုဆိုင်ရာ မိုင်းကင်းစင် ရေး လှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဦးအောင်ကျော်မိုးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တွက်ကြည့်မယ်ဆိုရင် ၃ ရက်မှာ ၁ ယောက်လောက် မိုင်းထိခိုက်နေတယ်ဆိုတာ ကျနော်တို့ သိရှိရပါတယ်။ ဒီလိုမိုင်း ထိခိုက်မိပြီ ဆိုရင် သူတဦးတည်းက နစ်နာတာ မဟုတ်ဘဲနဲ့ သူ့ရဲ့မိသားစုတွေ၊ သူ့ကို မှီခိုနေတဲ့သူအားလုံးကို ထိခိုက်တာဖြစ်သလို နိုင်ငံအတွက်လည်း လူသားအရင်းအမြစ်တွေ ဆုံးရှုံးရပါတယ်”ဟု ဦးအောင်ကျော်မိုးက ပြောသည်။

မြန်မာ အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မိုင်းရှင်းလင်းရေးကို ထည့်သွင်းထားကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေး ပူးတွဲကော်မတီက မိုင်းရှင်းလင်းရေးကို ကဏ္ဍတရပ်အဖြစ် ဆောင်ရွက်နေရာ ယင်းလုပ်ငန်းစဉ်တွင် သက်ဆိုင်သူအားလုံး ပူးပေါင်း ပါဝင်ရန် လိုကြောင်း မြန်မာနိုင်ငံတွင် မိုင်းရှင်းလင်းရေး အသိပညာပေးမှုများ ဆောင်ရွက်နေသည့် ဒိန်းမတ် လူမှုရေးအဖွဲ့အစည်း(ရန်ကုန်)မှ စီမံရေး မန်နေဂျာ Pascal Simon က ပြောသည်။

“ကျနော်တို့လည်း မြန်မာ့ တပ်မတော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လုပ်ငန်းလုပ်တဲ့ နေရာမှာတော့ အစပိုင်း အနေအထားပဲ ရှိတယ် လို့ ပြောရမှာပါ”ဟု စီမံရေး မန်နေဂျာ Pascal Simon က မီဒီယာများသို့ ပြောသည်။

လက်ရှိတွင် မိုင်းအန္တရာယ် အများဆုံး ပေးနေသည်မှာ ကချင်ပြည်နယ် ဖြစ်ပြီး ထိခိုက်မှုလည်း အများဆုံး ရှိနေကြောင်း၊ ကချင် ပြည်နယ်နှင့် ရှမ်း(အရှေ့ပိုင်း)တို့ကို မိုင်းအန္တရာယ် ကင်းရှင်းရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်၍ ကျန်ဒေသများတွင် ဆက်လက်ဆောင်ရွက်ရန် ရှိကြောင်းလည်း သိရသည်။

“နံပါတ်တစ် အသိပညာပေးမယ်။ ပြီးရင် မိုင်း ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ကူညီထောက်ပံ့တာပါ။ နောက်တခါ ပြန်လည် နေရာ ချထားရေးပေါ့။ ပြန်လည် ထူထောင်ရေးလုပ်ငန်းမျိုးတွေ ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။ ရရှိတဲ့ ဘက်ဂျက်ပေါ်မူတည်ပြီး ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း အရာရှိ ဦးအောင်ကျော်မိုးက ပြောသည်။

ကချင်၊ ရှမ်း အရှေ့၊ ကယားပြည်နယ်၊ မွန်ပြည်နယ် စသည့် ဒေသများမှာ မိုင်းအန္တရာယ်က ကြုံတွေ့နေရဆဲ ဖြစ်ပြီး အစိုးရ အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ မိုင်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိုင်း အသိ ပညာပေးရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီး အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading