သတင်း

အောင်ဝင်းခိုင်ကို လက်စဖျောက်လိုက်ပြီဟု ယူဆကြောင်း အင်းစိန် အောင်စိုးပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် ပါဝင် သည့် အဓိက တရားခံ တဦးဖြစ်သူ အောင်ဝင်းခိုင် သည် လက်စဖျောက်ခံလိုက်ရပြီဟု ယူဆကြောင်း အင်းစိန်အောင်စိုးက ပြောသည်။

ဦးကိုနီ အား လုပ်ကြံ သတ်ဖြတ်ခဲ့သူ ကြည်လင်းအပါအဝင် အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးတွင် ၂၉ ရက်နေ့က ၂၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ထိုရုံးချိန်းကို တရားလိုပြ သက်သေ အဖြစ် ရောက်ရှိလာသူ ဦးအောင်စိုး က သတင်းမီဒီယာများကို ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးအောင်စိုး က “ကျနော်တို့က ပညာတတ်လည်း မဟုတ်ဘူး။ လူဆိုးဘဝက လာတဲ့ကောင်ဆိုတော့ ကျနော်တို့ အတွေး အမြင် အရပြောမယ် ဆိုရင်တော့ အောင်ဝင်းခိုင်က အခုလောက်ဆိုရင် မရှိလောက်တော့ဘူးလို့ ယူဆတယ်။ ကျနော့် တယောက်တည်း အတွေးအမြင်ပေါ့။ ကျနော်သာ သူ့အထက်ကလူဆိုရင် သူ့ကြောင့် ခေါင်းနောက်မခံတော့ဘူးဗျ။ ရှင်းထုတ် ပစ်လိုက်တော့မယ်” ဟု ပြောသည်။

ဦးအောင်စိုးသည် ယခုတပတ် ရုံးချိန်းကို အခြား တရားလိုပြသက်သေ ၃ ဦးနှင့်အတူ တက်ရောက်ခဲ့ပြီး ဦးကိုနီ သတ်ဖြတ် မှုနှင့် ပတ်သက်သည့် ကွင်းဆက်တရားခံကို ဖော်ထုတ်ပေးနိုင်ရေး အတွက် လူသတ်တရားခံများနှင့် ဆက်စပ်မှုကို တရား ရုံး တွင် တင်ပြခဲ့သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားခံ အောင်ဝင်းခိုင် သည် ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာ တဦးဖြစ်သော ရဲထွဋ်လှိုင်နှင့်အတူ နေပြည်တော်သို့ သွားစဉ် နေပြည်တော် ပရဆေး ဥယျာဉ် ရှေ့ အရောက်တွင် ကားရပ်တန့်ခိုင်းပြီး လူတယောက် လာခေါ်မည်ဟု ပြော၍ ကားပေါ်မှ ဆင်းသွားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ယင်းနောက်ပိုင်း ကတည်းက အောင်ဝင်းခိုင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ဦးအောင်စိုးသည် ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်သူ ကြည်လင်း၊ အောင်ဝင်းဇော်တို့နှင့် လွန်ခဲ့သော ၁၀ နှစ်ကျော်က မန္တလေး ထောင်တွင် တဆောင်တည်း အတူနေထိုင်ခဲ့ဖူးကြောင်း ဆယ်နှစ်ကျော် ကင်းကွာခဲ့ပြီးနောက်ပိုင်း အောင်ဝင်းဇော်က လူတဦးကို သတ်ပေးရန် လာရောက် ငှားရမ်းခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“ကျနော့်ဆီကို အောင်ဝင်းဇော် ဖုန်းအဆက်အသွယ်နဲ့ ရောက်လာပြီးတော့ နိုင်ငံခြား သံတမန် တဦးကို သတ်ဖို့ဆိုပြီး ငှားရမ်း တယ်။ လက်ရှိ စရန် သိန်း ၃ ရာပါတယ်လို့ ပြောတယ်။ သိန်း ၃ ရာကို ပြဖို့ ခုံကို လှန်တယ်။ ကျနော်က အလှန် မခံဘူး။ ပိုက်ဆံမြင်ရင် စိတ်ပြောင်းသွားမှာစိုးလို့။ သူက မေးတယ်။ မင်း ၅ ရာယူမလား၊ ၁ ထောင်ယူမလားတဲ့၊ ပိုက်ဆံ တော့ တကယ် လိုအပ်တယ်။ ဒါပေမယ့် ငြင်းလိုက်ပါတယ်” ဟု ၎င်း က ထွက်ဆိုချက်ကို ပြန်ရှင်းပြသည်။

လူသတ်ပေးရန်အတွက် အောင်ဝင်းဇော်က ၎င်းကို လူချင်းတွေ့၍ တကြိမ်ကမ်းလှမ်းခဲ့သလို တယ်လီဖုန်းဖြင့်လည်း ၃-၄ ကြိမ် ဆက်သွယ်ခဲ့ကြောင်း သို့သော်လည်း လက်မခံခဲ့သဖြင့် ဆက်သွယ်လာခြင်း မရှိတော့ကြောင်း ဦးအောင်စိုးက ပြော သည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီအားလုပ်ကြံသူ တရားခံ ကြည်လင်း ကို တွေ့မြင်လိုက်ရစဉ် နောက်ကွယ်တွင် အောင်ဝင်းဇော်တို့ ပတ်သက်မှု ရှိလိမ့်မည်ဖြစ်ကြောင်း တွေးမြင်ခဲ့သဖြင့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် ဆက်သွယ်ပြီး အများသိစေရန် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“Facebook ပေါ်မှာ ကြည်လင်းပုံကိုတွေ့ပြီးတော့ ဆက်စက်စဉ်းစားတဲ့ အခါမှာ အကျဉ်းထောင်မှာ တချိန်တုန်းက အတူ နေခဲ့တယ်။ စားခဲ့တယ်။ အတူနေထိုင်ခဲ့သူတွေဖြစ်တဲ့ အတွက် ကျနော်တွေးမိသလောက်ကတော့ ကျနော့်ကို ငှားလို့ မရလို့ အောင်ဝင်းဇော်က ကြည်လင်းကို ငှားတယ်လို့ အတွေးအထင်နဲ့ ကိုဆွေဝင်းနဲ့ ပူးပေါင်းပြီးတော့ သတင်းဖြန့်လိုက် တယ်။ ကျနော့် အတွေးအထင် မမှားဘူးဆိုတာလည်း လက်ရှိအချိန်မှာ အားလုံးသိနေတာပဲ” ဟု ဦးအောင်စိုးက ပြောဆို သည်။

မြောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ပြုလုပ်သော ၂၆ ကြိမ်မြောက် ရုံးချိန်းတွင် ဦးအောင်စိုး၏ ထွက်ဆိုချက်သည် အရေး ပါ ကြောင်း အမှုကွင်းဆက်များလည်း ရုပ်လုံးပေါ်လာကြောင်း ဦးကိုနီအမှုကို လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးနေလ က သတင်း မီဒီယာများကို ရှင်းပြသည်။

ဦးနေလ က “ဒီအမှုဖော်ထုတ်တဲ့နေရာမှာ ကိုအောင်စိုးရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးပါတာကို တွေ့ရပါတယ်။ ကိုအောင်စိုးရဲ့ ထွက်ဆိုချက်အရ ၂ ချက်ပဲ ကျနော်ပြောချင်ပါတယ်။ တချက်က သူတို့ရဲ့ ဌာနကနေ တာဝန် ပေးထား တယ် ဆိုတဲ့ သဘောလား။ ဘယ်ဌာနက တာဝန်ပေးလို့ အောင်ဝင်းဇော်တို့က ဆောင်ရွက်တယ် ဆိုတဲ့ ကိစ္စ ခင်ဗျားတို့ ဆက်စပ် စဉ်းစားလို့ ရမယ်ထင်ပါတယ်” ဟု ပြောသည်။

ယနေ့တရားရုံးတွင် ဦးအောင်စိုးအား ကြည်လင်း၏ ရှေ့နေက အောင်ဝင်းဇော်အကြောင်း မေးမြန်းသလို အောင်ဝင်းဇော်၏ ရှေ့နေက ကြည်လင်းအကြောင်းကို မေးကြောင်း၊ ယင်းသို့ မေးမြန်းမှုသည် ကိုအောင်စိုးနှင့် အောင်ဝင်းဇော်တို့ တွေ့ဆုံ ကြောင်းကို ဝန်ခံပြီး မေးသွားပုံများဖြစ်သည်ဟု ရှေ့နေ ဦးနေလက ဆိုသည်။

“အားလုံးကို ခြုံကြည့်မယ်ဆိုရင် သူတို့ရဲ့ အပြန်အလှန် စစ်ဆေးချက်အရ ကိုအောင်စိုးနဲ့ အောင်ဝင်းဇော်တို့ တွေ့ဆုံတဲ့ အပိုင်းကို ဝန်ခံပြီးတော့ မေးသွားတယ်။ သူတို့နှစ်ယောက် မတွေ့ဘူးလို့ မငြင်းသွားဘူး။ ဒီနေ့စစ်ဆေးချက်တွေ အားလုံးကို ခြုံပြီးပြောမယ် ဆိုရင်တော့ တရားခံရှေ့နေတွေအားလုံးက ဘောသမားစကားနဲ့ပြောရရင်တော့ ကိုယ့်ဂိုးကို ပြန်သွင်း သွားကြတာကို တွေ့ရပါတယ်” ဟု ရှေ့နေ ဦးနေလ က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading