သတင်း

မြန်မာ့အရေးဆွေးနွေးပွဲကြောင့် လုံခြုံရေးကောင်စီအတွင်း အကွဲအပြဲထင်ရှားလာ

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၈နှစ်တာကာလအတွင်း ပထမဆုံး မြန်မာ့အရေးဆွေးနွေးပွဲ၌ တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာကို ထောက်ခံကြပြီး အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ရိုဟင်ဂျာဆိုသူ မွတ်ဆလင်များအား မျိုးနွယ်စုသုတ်သင်ရှင်းလင်းခြင်း ရပ်တန့်ရန်တောင်းဆိုသဖြင့် လုံခြုံရေး ကောင်စီအတွင်း နက်ရှိုင်းသော အကွဲအပြဲမှာ ထင်ရှားလာသည်။

ပြီးခဲသည့် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသူဦးရေ ၅သိန်းခန့် ရှိလာသောကြောင့် အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သြဇာအကြီးမားဆုံးဖြစ်သော လုံခြုံရေး ကောင်စီကို ကြာသပတေးနေတွင် တိုက်တွန်းခဲ့သည်။

စစ်ဆင်ရေးများရပ်တန့်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မဲ့ ပေးပို့ခွင့်ပြုရန် နှင့် ထွက်ပြေးသွားသူများ အားလုံးပြန်ခွင့်ပြုရန်လည်း သူက မြန်မာအာဏာပိုင်များ ကိုတောင်းဆိုခဲ့ သည်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီကလည်း မြန်မာနိုင်ငံ၏ ယခင်အမည်ဖြစ်သော ဘားမားကို ခေါ်ဝေါ်သုံးစွဲပြီး လုံခြုံရေးကောင်စီအား “မြန်မာအာဏာပိုင်တွေရဲ့လုပ်ရပ်ကို မြင်တဲ့ အတိုင်းပြောဖို့ ကြောက်မနေနိုင်ဘူး။ လူနည်းစုတခုကို သုတ်သင်ရှင်းလင်းဖို့ရေရှည် လုပ်ဆောင်နေ တဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ပဲ” ဟု ပြောသည်။

“ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ သံတမန်စကားတွေပြောရမယ့် အချိန်ကုန်ဆုံးသွားပြီ၊ အခွင့်အရေး ချိုးဖေါက်မှုတွေလုပ်ပြီး နိုင်ငံသားတွေကြားမှာ အမုန်းတရားမီးထိုးပေးရာမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို အရေးယူဖို့ အခုစဉ်းစားရမယ်” ဟုလည်း နစ်ကီဟေလီက ပြောသည်။
ရိုဟင်ဂျာဆိုသူများကို ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို အရေးယူ ခြင်း ပြုလုပ်သည်အထိ မြန်မာ့တပ်မတော်သို့လက်နက်ရောင်းချမှုဆိုင်းငံ့ထားရန်လည်း နိုင်ငံအားလုံး ကို သူက တောင်းဆိုသည်။

တိုက်ခိုက်မှုများ ချက်ခြင်းရပ်စဲရန်နှင့် လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့၏ တောင်းဆိုမှုကို လုံခြုံရေးကောင်စီဝင်နိုင်ငံ အများအပြားကလည်း ထောက်ခံ ကြသည်။

မြန်မာ့တပ်မတော်သို့ လက်နက်ရောင်းချမှုပိတ်ပင်ခြင်းနှင့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖေါက်မှု အတွက် တာဝန်ရှိသူများကို တဦးချင်းပစ်မှတ်ထားသော ဘာဏ္ဍာရေးပိတ်ဆို့မှုပြုလုပ်ရေးအတွက် အလေးအနက် စဉ်းစားရန် လူမှုအခြေပြုနှင့် လူ့အခွင့်အရေးအဖွဲ့ ၈၈ ဖွဲ့ ပါဝင်သော နိုင်ငံတကာ မဟာမိတ်များက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်။

သို့သော် တရုတ်နှင့် ရုရှားနိုင်ငံတို့ မြန်မာအစိုးရ၏ ရခိုင်အရေးကိုင်တွယ်ပုံကို ထောက်ခံသောကြောင့် ပြင်းထန်သော တုံ့ပြန်မှုဖြစ်လာမည့် အလားအလာမရှိပေ။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယသံအမတ်ကမူ မြန်မာအစိုးရ ရင်ဆိုင်နေရသော အခက် အခဲများကို ဓမ္မဓိဌာန်ကျ သော အမြင်ဖြင့် ရှုမြင်ရန်၊ စိတ်ရှည် ကြရန်နှင် ပံ့ပိုးကူညီကြရန် နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းသည်။

ရခိုင်ပြည်နယ်မှ သဘောထားကွဲလွဲမှု အများအပြားနှင့် ရန်သဘောဆောင်မှုများ ဖြစ်ပွားနေသည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် အလျင်အမြန်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း တရုတ် ဒုတိယသံအမတ် ဝူဟိုက်တောက်က အလေးထားပြောသည်။

“ကျနော်တို့ အခုလိုဆွေးနွေးနေချိန်မှာ မြေပြင်အခြေအနေက စတင်တည်ငြိမ်နေပါပြီ။ ဒီအရှိန်အဟုန် ကို အားလုံးက အပြုသဘော ဝိုင်းဝန်းကူညီကာ အခြေအနေတင်းမာမှု လျှော့ချပြီး လူသားချင်း စာနာမှု အခြေအနေ ကောင်းမွန်လာအောင် တဆင့်ပြီး တဆင့်လုပ်သင့်တယ်” ဟု သူကပြောသည်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ် ဗက်စလီနီ ဘန်ဇီယာကလည်း မြန်မာအစိုးရကို အလွန်အကျွံ ဖိအားပေးခြင်းသည် မြန်မာနှင့် ပတ်ဝန်းကျင်ဒေသများတွင် အခြေအနေပိုမိုဆိုးရွားသွားစေလိမ့်မည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ရှည်ကြာရှုပ်ထွေးသော အကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် လူမျိုးစုအားလုံး၊ ဘာသာတရား အားလုံးပါဝင်သော တွေဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန်မှ တပါးအခြား ရွေးစရာမရှိ ကြောင်း လည်းသူပြောသည်။

“ကျနော်တို့ဟာ ဘက်အားလုံးက လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ ဒီလိုတိုက်ခိုက်မှု တွေ ဖြစ် ပေါ်စေတဲ့စကားတွေကို ရပ်တန့်ပစ်ဖို့လိုတယ်” ဟု သူကဆက်ပြောသည်။

ရုရှားသံအမတ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့က ရိုဟင်ဂျာအကျပ်အတည်းသည် ပျံ့နှံ့သွားနိုင်သည်ဟုသတိပေးသည်။

စနစ်တကျတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းသည် ရခိုင်ပြည်နယ် အလယ်ပိုင်း သို့ပါ အကျပ်အတည်းကူးစက်သွာနိုင်ပြီး ထိုနေရာမှ မွတ်ဆလင် ၂သိန်း ၅သောင်းခန့် ထပ်မံနေရပ် စွန့်ခွာ ထွက်ပြေးစေနိုင်ကြောင်း ဂူတာရက်ဇ်ကပြောသည်။

လူသားချင်း စာနာမှု အကျပ်အတည်းသည် အစွန်းရောက် အခြေခံဝါဒ၊ ရာဇဝတ်ဂိုဏ်းများနှင် လူမှောင်ခိုများကို မွေးဖွာပေးသောနေရာဖြစ်သည်ဟုလည်း သူက သတိပေးသည်။

အကျပ်အတည်း ပိုမိုကျယ်ပြန့်လာပါက အိမ်နီးချင်းနိုင်ငံများသာမက ဒေသတခုလုံး အတွက် အသိုင်း အဝန်းများကြား ပဋိပက္ခ အပါအဝင်ပြဿနာ အမျိုးမျိုးဖြစ်စေနိုင်သည်ဟုလည်း ဂူတာရက်ဇ်က ဆက် ပြောသည်။

အကြမ်းဖက်သမားများနှင့် အစွန်းရောက်များ အရှေ့တောင်အာရှတွင် အမြစ်တွယ်နိုင်ရန် ကြိုးစား နေကြောင်းနှင့် ဒေသတွင်းတွင် အစွန်းရောက် အခြေခံဝါဒ သွပ်သွင်းခြင်းကိုလက်မခံ နိုင်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ် နီဘန်ဇီယာကပြောသည်။

လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနှင့် ဘဂ်လားဒေ့ရှိနိုင်ငံတို့ အကြားတင်းမာမှုများ ကိုလည်းထည့်သွင်းဆွေးနွေးခဲ့သည်။

မြန်မာအမျိုးသားလုံခြုံရေး အကြံပေးက ရခိုင်ပြည်နယ် အကျပ်အတည်းအတွက် အကြမ်းဖက်ဝါဒကို အပြစ်တင်ပြီး မြန်မာနိုင်ငံတွင် ”မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (Ethnic cleansing) ” နှင့် ”လူမျိုးတုံးသတ်ဖြတ်ခြင်း(Genocide)” မရှိကြောင်းကြေညာသည်။

စစ်ဆင်ရေးများကို စက်တင်ဘာလ ၅ ရက်နေ့ကတည်းကပင် ရပ်ဆိုင်းထားကြောင်းနှင့် ထွက်ပြေးသူ အများစုမှာ အကြမ်းဖက်သမားများကလှုံ့ဆော်သော ကြောက်လန့်မှုများကြောင့် ထွက်ပြေးခြင်း ဖြစ် ကြောင်း ဦးသောင်းထွန်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် အရာမယွင်းဘဲရှိကြောင်း၊ ပြည်သူများသည် အိမ်နီးချင်းများနှင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြ ကြောင်းလည်းသူရှင်းပြသည်။

သံတမန်များနှင့် မီဒီယာများ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လာမည့်တနင်္လာနေ့ တွင်သွားရောက်မည် ဖြစ်ကြောင်းသူကကြေညာပြီး ကုလအတွင်းရေးမှူးချုပ် ဂူတာရက်ဇ်ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရန်ဖိတ်ကြားထားသည်ဟုသူပြောသည်။

“ဒီမိုကရေစီ အခိုင်အမာ အမြစ်တွယ်အောင်လို့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီဖို့အရေးကြီး တယ်။ လုံခြုံရေးကောင်စီဟာ ရခိုင်ပြည်နယ် အခြေအနေကို မပြေလျှော့စေဘဲ ပိုမိုတင်းမာစေမယ့် လုပ်ရပ်တွေ မလုပ်ရဘူး။ အခြေအနေပြေလျော့သွားအောင် သူတို့ လုပ်နိုင်တယ်၊ လုပ်လည်း လုပ်ရ မယ်” ဟု သူကပြောသည်။

အစိုးရက စစ်ဆင်ရေးများ ပြီးဆုံးကြောင်း ပြောသော်လည်း လက်တွေ့တွင်မပြီးဆုံးသေးကြောင်း၊ မိသားစုများ ထွက်ပြေးစေရန်အတွက် အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊ ရွာများမီးရှို့ခံနေရကြောင်း၊ လုယက်မှုများ၊ အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်က လုံခြုံရေးကောင်စီတွင် စွပ်စွဲပြောဆိုသည်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူတွေကိုမောင်းထုတ်ပြီး မြေကိုသိမ်းယူဖို့ မြန်မာအစိုးရက လုပ်နေ တယ်ဆိုတာ ဒီရက်စက်ကြမ်းကြုတ်မှုတွေက သက်သေပြနေတယ်” ဟုသူက ဆက်ပြောသည်။

သြဂုတ်လ ပထမပတ်အတွင်း အမြောက်ကြီးများနှင့် သံချပ်ကာများ တပ်ဆင်ထားသော မြန်မာ့ တပ်မတော်၏ တပ်မ ၂ ခု ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ချထားသည်ကို လုံခြုံရေးကောင်စီ အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်းတွင် လူ ၅သိန်း ရောက်ရှိလာသောကြောင့် ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် လူ ၉သိန်းခန့်ကို လက်ခံထားရကြောင်းနှင့် အခြေအနေမှာ အကာအကွယ်မဲ့နေကြောင်း ပြောပြီး မြန်မာနိုင်ငံအတွင်းတွင် ဘေးကင်းဇုန်များသတ်မှတ်ရန် ကုလသမဂ္ဂကိုထပ်မံတောင်းဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading