သတင်း

UNFC နှင့် အစိုးရ NCA နှစ်ပတ်လည်တွင် အပစ်ရပ်လက်မှတ် ထိုးဖြစ်တော့မည်မဟုတ်

Want create site? Find Free WordPress Themes and plugins.

အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုတို့ အကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ် ရေးထိုးဖြစ်တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

အစိုးရက NCA လက်မှတ်ရေးထိုးထားသည့် ၂ နှစ်ပြည့် အထိန်းအမှတ်ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ် မရပ်ရသေးသော UNFC တပ်ပေါင်းစုနှင့် လက်မှတ်ထိုးဖြစ်ရန် မူလက ရည်ရွယ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ခြေ မရှိတော့ဟု နှစ်ဘက်တာဝန်ရှိသူများထံမှ သိရသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ် အဖွဲ့ (DPN) တို့အကြား NCA နှစ်ပတ်လည်ရက်မတိုင်မီ အောက်တိုဘာ ၇ ရက်နေ့တွင် နှစ်ဘက် တရားဝင် တွေ့ဆုံဆွေးနွေးရန် ရွေးချယ်ထားသော်လည်း အစိုးရဘက်က ထိုရက်ကို ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။

DPN အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး က “၁၅ ရက်နေ့ နောက်ပိုင်းမှ ဖြစ်နိုင်မယ်တဲ့ ဒီနေ့ (စက်တင်ဘာ ၃၀) ပဲ အကြောင်း ကြားလာတယ်။ ၁၅ ရက်နေ့က လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ နှစ်ပတ်လည်လေ။ အကြောင်းပြချက်က ကျနော်တို့ ပြောထားတဲ့ ၇ ရက်နေ့က သတင်းကျွတ် အားလပ်ရက်နဲ့ ဆုံသွားလို့ မဖြစ်နိုင်ဘူး” ဟု သတင်းမီဒီယာများကို ပြောသည်။

နှစ်ဘက်တရားဝင် တွေ့ဆုံရန် သဘောတူထားသော ရက်ကို ရွှေ့ဆိုင်းလိုက်ရသလို နှစ်ပတ်လည်ရက်မတိုင်မီ ကြားရက်များ တွင်လည်း နှစ်ဘက်လုံး မအားလပ်ကြသဖြင့် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှသာ တွေ့ဆုံဆွေးနွေးကြရန် အကြောင်း ပြန်လိုက်သည်ဟု သိရသည်။

ထို့ကြောင့် အစိုးရနှင့် UNFC တို့အကြား NCA နှစ်ပတ်လည်နေ့တွင် လက်မှတ်ရေးထိုးရေးမှာ ဖြစ်မလာနိုင်တော့ပေ။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား ယခုလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC မှ အဆိုပြုထားသော အချက် ၈ ချက်အပေါ် အဓိကထား ဆွေးနွေးခဲ့ကြရာတွင် ပြီးပြတ်မှုမရှိခဲ့ဘဲ ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်သော ၇ ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲ၌ ဆက်ဆွေးနွေးရန် သဘေားထား ရှိခဲ့ကြသည်ဟု သိရသည်။

ထိုဆွေးနွေးပွဲအပြီးတွင် နိုင်အောင်မငေး က “အခုက ဒီ ၈ ချက်ပေါ်မှာတောင်မှ အသေအချာ မရှိသေးဘူးဆိုတဲ့အခါကြတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ အရင်က မျှော်လင့်ထားတဲ့ အောက်တိုဘာ ၁၅ ကတော့ ကျနော်ထင်တယ်။ ရက်နီးကပ်လာပြီ ဆိုတော့ ဖြစ်ဖို့ ဝေးသွားပြီထင်တယ်” ဟု သတင်းထောက်များကို ပြောသည်။

UNFC ဘက်က ၎င်းတို့ အဆိုပြုချက် ၈ ချက်ကို သဘောတူညီမှုရလျှင် NCA လက်မှတ်ကို ရေးထိုးမည်ဟု ယတိပြတ် ထုတ်ပြောထားပြီးဖြစ်သည်။

သို့သော်လည်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား မူအားဖြင့် သဘောတူထားပြီး ဖြစ်သော အချက် ၄ ချက်ကိုပင် တပ်မတော်ဘက်မှ ပြန်ပြင်လိုကြောင်း သဘောထားပေးလာသဖြင့် UNFC အနေဖြင့် NCA ထိုးရေးမှာ နှေးကွေးသွားနိုင်သည်ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင် အချို့က ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က “၁ ကနေ ၄ အထိကတော့ အရင် ၆ ကြိမ်မြောက်ကတည်းက အကြမ်းမျဉ်း မူအရ သဘောတူညီခဲ့ပြီးပြီ။ အခု ဒီနေ့ ကျနော်တို့ဘက်ကလည်း ပြုပြင်ချင်တာလေးတွေ ပါလာတယ်။ ပါလာတော့ ညှိနှိုင်းလို့ ၁ ကနေ ၄ ထိပြီးတယ်။ ၅-၆-၇-၈ ကတော့ ကျနော်တို့နဲ့ ဆုံးဖြတ်လို့မပြီးတဲ့ ကိစ္စတွေပါတယ်” ဟု ၂၅ ရက်နေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။

UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading