ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမြို့နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီလူမျိုးများကို အောက်တိုဘာ ၉ ရက် နောက်ဆုံးထား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ခွာလာကြရန် ARSA အကြမ်း ဖက်သမားများက စည်းရုံး နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဘူးသီးတောင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများသည် စားဝတ်နေရေး၊ အခက်အခဲကြောင့် လည်း ကောင်း၊ လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက် ရှိနေသည့် ဘင်္ဂါလီများက ထွက်ခွာလာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့် လည်းကောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်အနီးသို့ စုပြုံရောက်ရှိနေကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။
ထိုဘင်္ဂါလီ အုပ်စုသည် လူနည်းစု ဖြစ်မည်ကို စိုးရိမ်သဖြင့် တဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက် လိုခြင်း ကြောင့်လည်း ယခုကဲ့သို့ ထွက်ခွာလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ARSA ၏ စည်းရုံးမှု နောက်သို့ ပါမသွားရေးနှင့် တဖက်နိုင်ငံသို့ ထွက်ခွာမသွားကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ဆုံ ညှိနှိုင်းနေပြီး နေထိုင်ရေး အပါအဝင် အလုပ်အကိုင် အခက်အခဲများ၊ လုံခြုံရေး အခြေအနေများကို ဆောင်ရွက် ပေးသွားရန် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တခြားသော ဘင်္ဂါလီကျေးရွာမှ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ် အိမ် မှူးများမှ တဆင့် ဖျောင်းဖြ ခိုင်းနေကြောင်း မောင်တောမြို့နယ် ကျီးကန်းပြင် ရဲစခန်းမှ ရဲမှူး ကိုကိုစိုးက ပြော သည်။
“ဟိုဘက်ကတော့ သူတို့ကို ဘယ်လို အကြောက်တရားတွေနဲ့ ခြိမ်းခြောက်နေလည်းတော့ မပြောတတ်ဘူးဗျ။ တဖက် နိုင်ငံကို သွားရောက်ဖို့ အတွက်ပဲ စိတ်အား ထက်သန်နေတယ်။ အဲ့ဒါကတော့ ARSA က ယခုလ ၉ ရက်နေ့ ထွက်လာ ဖို့ ပြောတယ်ဆိုတဲ့ အကြောင်း၊ ကျနော်တို့က တိကျတဲ့ သတင်းမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီ မြေပြင် သတင်းမှာတော့ တိတိကျကျတော့ မရနိုင်ဘူး၊ သို့သော်လည်းပဲ သူတို့အချင်းချင်း၊ ဘင်္ဂါလီအချင်းချင်း ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှ ပြောတာ ဆိုတာမျိုး ဆိုရင်တော့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
စက်တင်ဘာ ၂၆ ရက်က ဘူးသီးတောင်မြို့မှ ဂူတာပြင်ကျေးရွာရှိ ဘင်္ဂါလီ ၁၆၈ ဦးသည် ရွာသစ်ကျေ ကျေးရွာ အနီး သို့ စုပြုံရောက်ရှိလာကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရန် ပြင်ဆင်လျက်ရှိပြီး ရွှေထား ကျေးရွာနှင့် ဇင်ခါးမ ကျေးရွာမှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်း ကျေးရွာနှင့် ပေါက်တော ကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင် ကျေးရွာနှင့် ကာလီကျေးရွာမှ ဘင်္ဂါလီ ၂၀၀ ၊ ဒုအိုးသည်မကျေးရွာ မှ ဘင်္ဂါလီ ၃၅ ဦး တို့သည် စက်တင်ဘာ ၂၇ ရက် က လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်သို့ ရောက်ရှိလာပြီး တဖက်နိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်း ထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် တောင်ချောင်း ကျေးရွာ၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီ ကျေးရွာနှင့် ငွေတောင် ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့ သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ ဂူတာပြင် ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုး ကြားတွင်လည်းကောင်း စုပြုံ ရောက်ရှိလာကာ တဖက်နိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေကြောင်းလည်း ဖော်ပြထားသည်။
ရခိုင် အမျိုးသားပါတီ (ANP) မှ ဒုဥက္ကဌ ဦးခိုင်ပြည်စိုး က “ကြားတော့ ကြားပါတယ် ခင်ဗျာ(ဘင်္ဂါလီများ ထွက်လာဖို့ စည်းရုံးမှု သတင်း) အောက်ခြေ သတင်းတွေမှာလေ။ ဒီဘက် မှာတော့ ကြားရတာ သိပ်တော့ မဆိုးဘူးလို့ ကြားတယ်။ ရွာတွေမှာလည်း ကိုယ့်ဟာနဲ့ကိုယ် နေထိုင် နေကြ တယ်လို့ သိရပါတယ်။ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ လူကို ထွက် မသွား ဖို့တော့ တားဆီးနိုင်ဖို့ ခက်ခဲတယ်။ ဒါက ဒုက္ခသည် စခန်းမှာ လူအများအပြား ရောက်ရှိလာရေးနဲ့ တည်ငြိမ်မှု မရှိတာ ဆိုပြီးတော့ ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်”ဟု ပြောသည်။
ရဲမှူး ကိုကိုစိုး ကလည်း ARSA မှ စည်းရုံးလှုံ့ဆော်မှု အထမမြောက်၍ တိုက်ခိုက်မှုများ ပြုလုပ်လာပါက ကာကွယ် ဟန့် တား နိုင်ရန်အတွက် လုံခြုံရေးပိုင်း ဆိုင်ရာကို တပ်မတော်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ဖြင့် လုပ်သင့် လုပ်ထိုက်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားရန် ပြင်ဆင်နေသော ဘင်္ဂါလီများကို အစိုးရ ဝန်ကြီးများက တွေ့ဆုံကာ ဖျောင်းဖြ နေပြီး ခရိုင် အုပ်ချုပ်ရေးမှူးက စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဒေသ အတွင်းရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများကို လူမျိုး ဘာသာမရွေး ထောက်ပံ့ ပေးနေကြောင်းလည်း သိရသည်။