ရန်ကုန်မြို့မှ Centre for Better Living (CBL) Medical Centre နဲ့ စင်ကာပူနိုင်ငံမှ နာမည်ကြီး ရင်သားခွဲစိတ် အထူးကုဆရာဝန်များအဖွဲ့ ပါဝင်တဲ့ စင်ကာပူနိုင်ငံအခြေစိုက် Parkway Cancer Centre (PCC) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရင်သားအထူးကုဆေးခန်း (Breast Clinic) စတင်ဖွင့်လှစ်လိုက်ပြီလို့ သိရှိရပါတယ်။
အဆိုပါ ရင်သားအထူးကုဆေးခန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စမုံလမ်းမှာ တည်ရှိတဲ့ “CBL Medical Center” မှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး အဆိုပါ ဆေးကုခန်းမှာ အမျိုးသမီးများ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ စမ်းသပ်ကုသမှုပေးခြင်းစတဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းက မြင့်မားလျက်ရှိနေပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာနဲ့ ပတ်သက်လို့ ပုံမှန် စစ်ဆေးမှု ပြုလုပ်ပြီး စောစောစီးစီး ကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ အားနည်းနေပါတယ်။ ကျနော်တို့ အထူးကုဆေးခန်းမှာတော့ ရင်သားနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို လျင်လျင်မြန်မြန် စစ်ဆေးမှုပြုလုပ်နိုင်အောင်နဲ့ ကင်ဆာရောဂါ လက္ခဏာ မပြခင်မှာ စစ်ဆေးဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” လို့ CBL Medical Centre မှ Clinical Director ဖြစ်သူ ဒေါက်တာညီညီနိုင်က ပြောပါတယ်။
CBL Breast Clinic ဟာ အမျိုးသမီးများ ရင်သားကင်ဆာရောဂါ ရှိ၊ မရှိ အချိန်စောစီးစွာ သိရပြီး အချိန်မီ သင့်လျော်တဲ့ ကုသမှုခံယူနိုင်အောင် အလေးပေး ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ CBL Medical Centre မှာ တပ်ဆင်ထားပြီးဖြစ်တဲ့ စက်ကိရိယာ၊ ဓာတ်ခွဲခန်းပစ္စည်းများနဲ့အတူ ရင်သား ဓာတ်မှန် ရိုက်စက် (Mammogram) ကိုလည်း ထပ်မံဖြည့်တင်း ပေးထားတယ်လို့ သိရပါတယ်။
“ရင်သားကင်ဆာရှိ၊ မရှိ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေ တခုမက ရှိပါတယ်။ အဲဒီထဲကမှ ရင်သားဓာတ်မှန် (Mammogram) ဟာ ရင်သားကင်ဆာရှိ၊ မရှိ စောစောသိရပြီး လွယ်လွယ်ကူကူ ကုသနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတခု ဖြစ်ပါတယ်။ Mammogram နဲ့ ပုံမှန်စစ်ဆေးပေးမယ်ဆိုရင် အမျိုးသမီးတွေ ရင်သားကင်ဆာနဲ့ သေဆုံးနှုန်းကို လျှော့ချပေးနိုင်မှာပါ” လို့ CBL Medical Centre မှ Senior Clinic Physician & Business Consultant ဖြစ်သူ ဒေါက်တာမင်းဇော်က ပြောပါတယ်။
ရင်သားကင်ဆာဆိုတာ ပုံမှန်မဟုတ်တဲ့ ကင်ဆာဆဲလ်များ ရင်သားတစ်သျှူးမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ ကင်ဆာဆဲလ်များ ပွားများလာတဲ့အခါ ရင်သားအပါအဝင် အခြားအင်္ဂါများကို ပျံ့နှံ့သွားခြင်းဖြစ်ပါတယ်။ ရင်သား ကင်ဆာဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပေမယ့် မိသားစုမျိုးရိုးရှိခြင်း၊ အပျိုဖော် ဝင်ချိန်စောခြင်းနဲ့ အခြားဖြစ်နိုင်တဲ့ အချက်များက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို တိုးပွားနိုင်တယ်လို့ သိရပါတယ်။
ရင်သားကင်ဆာရောဂါဟာ မည်သူမဆို အထူးသဖြင့် အသက် ၄ဝ နဲ့ အထက် အမျိုးသမီးများအားလုံး ဖြစ်ပွား နိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါလက္ခဏာများမပြမီ အခြားသောအင်္ဂါများသို့ ပျံ့နှံ့ခြင်းမရှိသေးတဲ့ အဆင့်မှာ သိရှိ ကုသနိုင်ရင် ပျောက်ကင်းရန် ၉၉ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
WHO ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ လူနာအသစ်များ တွေ့ရှိနှုန်း တနှစ်လျှင် ၆၀,၀၀၀ ကျော်ခန့်ရှိကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနဝက်ဘ်ဆိုက် Globocan စစ်တမ်း အရ မြန်မာအမျိုးသမီးများရဲ့ ကင်ဆာဖြစ်ပွားမှုမှာ ရင်သား ကင်ဆာရောဂါက အများဆုံးဖြစ်ပွားပြီး အဆုတ် ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုက ဒုတိယ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
“အမျိုးသမီး အများစုက ရင်သားပြဿနာနဲ့ ပတ်သက်ပြီး ဖွင့်ဟတိုင်ပင်ရမှာ ရှက်ကြောက်လေ့ ရှိတာကြောင့် ရင်သားပြဿနာတွေကို လျစ်လျူရှုလေ့ ရှိပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ရင်သားပြဿနာတွေအတွက် ဆိုရင်တော့ စောစောသိဖို့နဲ့ ကုသမှုခံယူဖို့က သိပ်ကိုအရေးကြီးပါတယ်” လို့ Mount Elizabeth Orchard ဆေးရုံမှ ရင်သားခွဲစိတ်ဆရာဝန် Dr.Tan Yah Yuen က ပြောပါတယ်။
CBL Breast Clinic မှာ ရရှိနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများကတော့ ကင်ဆာအထူးကုဆရာဝန်များ၊ ခွဲစိတ်အထူးကုဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ အထွေထွေရောဂါ စစ်ဆေးမှုများ အပါအဝင် အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့ ရောဂါများ ရှိ၊မရှိ စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ Mammogram (ရင်သားဓာတ်မှန်ရိုက်ခြင်း) စတဲ့ ဝန်ဆောင်မှုများ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။