သတင်း

မောင်တော၌ တပ်မတော်သား နှစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၈သိန်းကျော် ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့အဝင် ဂိတ်အနီးတွင် ကားတစီးကို စစ်ဆေးရာ တပ်မတော်သား ၂ဦးထံမှ ကျပ်သိန်း ၃သောင်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂ ရက်)က မောင်တောမြို့အဝင် ဂိတ်အနီးတွင် တိုယိုတာ ဟိုင်းလတ် ကားတစ်စီး စက်ရပ်သွားရာ မသင်္ကာသည့်အတွက် မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မူးယစ်တပ်စု ၄၆ မှ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးရာ WY စာတန်းပါ မူးယစ်ဆေး ၁၈ သိန်းကျော်နှင့် ၈၂၈ ထောက်ပံရေးနှင့် ပို့ဆောင်ရေးတပ်မှ တပ်မတော်သား နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က “သူတို့က ဘူးသီးတောင်က ထောက်/ပို့ တပ် ၈၂၈ ကလို့ပြောတယ်ဗျ။ ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက် တာပေါ့ ဥပဒေကြောင်း အရလေ။ ကွင်း ဆက်က သူတို့ကို စစ်ဆေးပြီးတော့ သူတို့ကို ဥပဒေအရ အရေးယူဖို့အတွက် မူးယစ် တပ်ဖွဲ့ကတော့ အမှုဖွင့် ထားပြီးပေါ့နော်။ ဒါပေမယ့် တပ်မတော်သားတွေကို တပ်မတော်ကပဲ ဥပဒေအရ ဖွဲ့စည်းပုံအရဆိုရင် သူတို့ တပ်မတော်စစ်ခုံရုံးကပဲ စစ်ဆေး အရေးယူမှာကိုး”ဟု ပြောသည်။

မူးယစ်ဆေးဝါး ၁၈ သိန်းကျော် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃သောင်းကျော်)နှင့်အတူ ဖမ်းဆီးခံရ သူများ မှာ ဘူးသီးတောင်မြို့နယ်မှ ၈၂၈ ထောက်/ပို့တပ်မှ တပ်သား လူရှည်နှင့် ကျော်စိန်ထွန်း တို့ဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ဆိုသည်။

၎င်းတို့ နှစ်ဦးကို ပ ၁၁/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅၊ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

“ကာလတန်ဖိုးက ကျပ်သိန်းပေါင်း ၃၇၆၃၅၀၀၀၀၀(ကျပ်သိန်းပေါင်း သုံးသောင်းကျော်) ဘိုးလောက်ရှိတယ်။ WY စာတန်းပါတဲ့ ပန်ရောင်ဆေးပြားတွေ၊ အဝါရောင် အဖြူရောင် စာလာအိတ်ပေါ့နော်။ စာလာအိတ် ၁၁ အိတ် ထဲမှာ မိတာပါ။ အရေအတွက်က ပန်ရောင် ဆေးပြားအားလုံး ၁၈၈၁၇၅၀ ပြား (WY ဆေးပြား ၁၈ သိန်းကျော်) ရှိတယ်”ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် စိတ်ကြွဆေးပြား သန်းချီပြီး မကြာခဏ ဖမ်းဆီးရမိနေရာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၆၈သိန်း၊ မောင်တောမြို့နယ် ရွှေဗဟို ဘုန်းကြီးကျောင်း အတွင်း စိတ်ကြွဆေးပြား ၄၆သန်း ဖမ်းဆီးရမိခဲ့သေးသည်။

Loading