သတင်း

မောင်တောဒေသပိုင်ရှင်မဲ့ စပါးခင်းများ ဒေသန္တရ အမိန့်ထုတ်ပြန် ရိတ်သိမ်းမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပိုင်ရှင်မဲ့ ဖြစ်နေသော စပါးခင်းများကို ဒေသန္တရ အမိန့် ထုတ်ပြန်ကာ စနစ်တကျ ရိတ်သိမ်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ပိုင်ရှင်မဲ့ စပါးခင်းများရိတ်သိမ်းမှုကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြပြီး ဒေသန္တရအမိန့် အတည်ဖြစ်သည်နှင့် တပြိုင်နက် စပါးခင်းများကိုကွင်းဆင်း ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်မျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။

ဦးကျော်လွင်က “အခုရှိတဲ့ စပါးခင်းတွေဟာ ပိုင်ရှင်တွေက စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စပါးခင်းတွေဟာ ပိုင်ရှင်တွေ မရှိတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ ဒါတွေကို ဥပဒေနဲ့ ညီအောင် ဒေသန္တာရ အမိန့် တခုတော့ ထုတ်ရပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဒေသန္တရအမိန့် ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ အမိန့် အတည် ဖြစ်ပြီးတာနဲ့ စပါးတွေကို စနစ်တကျ ချွေလှေ့ စက်တွေနဲ့ ရိတ်သိမ်းပြီးတော့ ဂိုဒေါင် မှာသိမ်းထားပါမယ်” ဟု ဧရာဝတီသို့ပြောသည်။

အစိုးရအနေဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ( မေယုဒေသ ) မြို့နယ်အတွင်းက လက်ရှိ စိုက်ပျိုးထားသော ပိုင်ရှင်မဲ့ စပါးခင်း အပါအဝင် ပိုင်ရှင်ရှိ စပါးခင်းများကို လည်း အချိန်နှင့် တပြေးညီ ရိတ်သိမ်းနိုင်ရန် ဆောလျင်စွာ ကူညီဆောင်ရွက်ပေးသင့်ကြောင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနေ မယူကမ်းဒေသ ဖွံဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်း က ပြောသည်။

ဦးမောင်စောဝင်းက “ ဒေသမှာ ရှိနေတဲ့ ပိုင်ရှင်ရှိတဲ့ စပါးခင်းရော၊ ပိုင်ရှင် မရှိတဲ့ စပါးခင်းရော အချိန်မီ ရိတ်သိမ်းနိုင်ဖို့ အတွက် အစိုးရက ကူညီဆောင်ရွက်ရေး ကို အမြန်ဆုံး လုပ်ဆောင်သင့်တယ်။ အခု လယ်လုပ်သားတွေလည်း ရှာမရဘူး ။ စပါး ရိတ်သိမ်းစက်တွေပေးမယ် ဆိုလည်း ကျေးရွာအုပ်စု တခုကို အနည်းဆုံး ၂ လုံး ပေးမှပဲ အဆင်ပြေမယ်” ဟုပြောသည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များသည် လက်ရှိအခြေအနေအရ အထူးဒေသ ဖြစ်သည့် အတွက်ကြောင့် ကူညီပေးရာတွင် အားလုံး တပြေးညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသော မြို၊ ဒိုင်းနက်၊ သက် စသည့် တိုင်းရင်းသားများအတွက်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်မျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုဝန်ကြီး မှ သိရသည်။

“အဓိကတော့ အကူအညီပေးတယ်ဆိုရင် အဲဒီဒေသမှာ အထူးဒေသ ဖြစ်တဲ့ အတွက် အကုန်လုံးကို တပြေးညီပဲ အကူအညီပေးမှာ ဖြစ်ပါတယ်။ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားတွေ မိသားစုတွေ နောက်ကြောင်းရှင်းလောက်သည်အထိ ကျနော်တို့ အစိုးရမှာ ရိက္ခာတွေ လုံလုံလောက်လောက် ရှိပါတယ်။ လိုအပ်ရင်လိုအပ်သလို ထောက်ပံ့ မှုတွေကို ပေးသွားမှာပါ” ဟု ဦးကျော်လွင်က ဆိုသည်။

ယင်းအပြင်မောင်တောဒေသအတွင်း ကျွဲ ၊ နွား ၊ ဆိတ် စသည့် တိရစ္ဆာန်များမှာလည်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပိုင်ရှင်များ အနေဖြင့် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေကို ရောက်ရှိသွားရာ စပါးခင်းများကို ဝင်ရောက်စားသောက် ဖျက်စီးမှုများ ရှိရာ အမိန့် တခု ထုတ်ပြန်ကာ လုပ်ဆောင်မည် ဖြစ်သည်။

မောင်တောဒေသအတွင်းရှိ စိုက်ပျိုးထားသော စပါးခင်းများကို အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်အစိုးအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့အား တင်ပြခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့မှ စပါးချွေလှေ့ရိတ်သိမ်းစက် ၂၄ လုံးပေးထားကြောင်း ၊ စပါးရိတ်စက်များ ရောက်ရှိလာသည်နှင့် တပြိုင်နက် ကွင်းဆင်း ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လက်ရှိ ကွင်းဆင်း စာရင်းပြုစုထားမှုအရ မောင်တောဒေသတွင် စပါးစိုက်ပျိုး ထားသော လယ်ဧက စုစုပေါင်း ၇၁၅၀၀ ဧက ကျော်ရှိပြီး ယင်းအထဲတွင် တိုင်းရင်းသားများ ထွန်ယက် စိုက်ပျိုး လုပ်ကိုင်ခဲ့သော လယ်ဧကမှာ ၇၅၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading