သတင်း

ဘိုကလေးမြို့နယ်တွင် လင်မယားချင်း စကားများရာမှ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ခိုင်ရွှေဝါ ကျေးရွာတွင် ပိုက်ဆံတောင်းရာမှ လင်မယားချင်း စကားများပြီး ဇနီးဖြစ်သူနှင့် ဇနီးဘက်မှပါရှိလာသည့် သမီး ၃ ဦးအား ဓားဖြင့် ခုတ်သတ်ခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုတခု အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခိုင်ရွှေဝါကျေးရွာအနီးရှိ သဘက်ကြီးမြစ်ကမ်းဘေးတွင် ယာယီတဲဆောက်ပြီး နေထိုင်သည့် အသက် ၃၆ နှစ် ရှိ ကျော်ဌေး နှင့် ဇနီးဖြစ်သည့် အသက် ၃၀ အရွယ် မသန်းညွန့် တို့မှာ အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့် တွင် စကားများ ရန်ဖြစ်ပြီးနောက် ကျော်ဌေးမှာ အိမ်ပြင်ထွက်သွားခဲ့ကြောင်း၊ ည ၁၂ နာရီခန့်တွင် အိမ်ပြန် ရောက်လာပြီး အိပ်ပျော်နေသည့် ဇနီး မသန်းညွန့်နှင့် ဇနီးဘက်မှ ပါရှိလာသည့် မယားပါ သမီး ၃ ယောက် ဖြစ်သည့် အသက် ၁၅ နှစ်ရှိ မအေးသန္တာ၊ အသက် ၁၃ နှစ်ရှိ မအေးစန္ဒာနှင့် အသက် ၄ နှစ်ရှိ ပိစိ တို့ကို ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ရာ ၄ ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်းထံမှ သိရသည်။

“သူတို့လင်မယားတွေ အရင်တုန်းက စကားများရန်ဖြစ်တာ မရှိခဲ့ဘူးလို့ သိရတယ်။ အခုဖြစ်တာလည်း မိန်းမကိုခုတ်တာကို ဘေးနားက သမီးတွေက ဝင်ဆွဲရင်းအကုန် သတ်မိသွားတာဖြစ်မယ်။ တရားခံကိုတော့ ဖမ်းဆီးထားပြီး ကျနော်တို့ မြို့မရဲစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။ သူ့ကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ဘိုကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးငွေစိုးက ဧရာဝတီကို ပြောသည်။

သေဆုံးသူ မသန်းညွန့်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ကျော်ဌေးနှင့်အိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပြီး မသန်းညွန့်၏ ပထမအိမ်ထောင်နှင့် ပါရှိလာသည့်သမီးများနှင့်အတူ မိသားစုလိုက်နေထိုင်ကာ ဘိုကလေးမြို့နယ်ရှိ သဘက်ကြီးမြစ်အတွင်း ဂဏန်းထောင်ခြင်း၊ မြစ်အနီးရှိလယ်များတွင် လယ်ယာလုပ်သား၊စာရင်းငှားလုပ်ကိုင်ခြင်းများဖြင့် အသက်မွေးဝမ်းကြောင်းသူများဖြစ်ကြောင်း သိရသည်။

“သူတို့အိမ်ဘေးနားမြစ်ကမ်းဘေးမှာလည်း သူတို့လိုဂဏန်းထောင် အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ အိမ် ၂ အိမ်ရှိပေမယ့် အခင်းဖြစ်ချိန်မှာ ရေထရက်ဖြစ်နေလို့ အလုပ်တွေသွားလုပ်နေကြတော့ အဲဒီ အိမ် ၂ အိမ်မှာလည်း လူတွေရှိမနေခဲ့ဘူး။ အဲဒီတော့ ရန်ဖြစ်စကားများတဲ့အချိန်မှာ ဝိုင်းဝန်း ထိန်းသိမ်းပေးမယ့် ပတ်ဝန်းကျင်က လူတွေရှိမနေတော့ အခြေအနေတွေ ပိုဆိုးကုန်တာပေါ့”ဟု ခိုင်ရွှေဝါကျေးရွာနေ ဦးစိုးလှိုင်က ပြောသည်။

ထိုသို့ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် ဘိုကလေးမြို့နယ် သရော်ချောင်းနယ်မြေခံ ရဲကင်းစခန်းမှလူသတ်သမား ကျော်ဌေးကို သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ မနက်ပိုင်းတွင် ဘိုကလေးမြို့မ ရဲစခန်းသို့ လွဲှပြောင်းပေးအပ်ခဲ့ပြီး ကျော်ဌေးအား ဘိုကလေးမြို့မ ရဲစခန်းမှ ပြစ်မှုနံပါတ် ၂၂၉/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အရေးယူထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading