အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင် အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို တရက်လျှင် ကျပ် ၄၀၀၀ နှင့် ၄၈၀၀ ကြားတွင် လတ်တလော လျာထား အဆိုပြုလိုက်ကြောင်း သိရ သည်။
အဆိုပါ အစည်းအဝေးသည် တတိယ အကြိမ်မြောက်ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အနည်းဆုံး လုပ်ခလစာငွေ သတ် မှတ်ရေး ဆိုင်ရာ ကော်မတီများက စစ်တမ်းများ အပေါ်တွင် အခြေခံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး အများ သဘောတူ သည့် နှုန်းထား တရပ်ကို လျာထားခြင်း ဖြစ်ကြောင်း အမျိုးသားအဆင့် ကော်မတီဝင် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ညို (ဘောဂဗေဒ) က “ပြည်နယ်တိုင်းတွေ ဒေသတွေက တင်ကြတယ်။ အဲဒါတွေစုလိုက်တော့ အများစုက ၄၀၀၀ နဲ့ ၄၈၀၀ ကြားရတယ်။ အခုကတော့ အဆိုပြုနှုန်းထားပေါ့”ဟု ပြောပြသည်။
အနည်းဆုံး လုပ်ခလစာငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို မတ်လ ၈ ရက်နေ့က ပထမအကြိမ်၊ ဇူလိုင် လ ၇ ရက်နေ့က ဒုတိယအကြိမ် နှင့် အောက်တိုဘာ ၂ ရက်နေ့တွင် တတိယ အကြိမ်မြောက် ပြုလုပ်ခဲ့သည်။
ယခုလျာထားထားသည့် နှုန်းထားကို လာမည့် ဒီဇင်ဘာလတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်ပြီး သင့်လျော်သည့် နှုန်းထား တရပ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးညွန့်ဝင်းက “၄ထောင်နဲ့ ၄၈၀၀ က အားလုံး ဝိုင်းဆွေးနွေးလိုက်ပြီး လျာထားတာပါ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ ဒီကိစ္စကိုဆွေးနွေးမယ်။ ဒီဇင်ဘာလလောက်မှာတော့ ဘယ်နှုန်း ဖြစ်သင့်တယ်ဆိုတာ ပြန်ပြီးတော့ အစည်းအဝေး လုပ်ပြီး ချမှတ်နိုင်မယ်လို့ ယူဆပါတယ်။ ဒီဇင်ဘာမှ အမျိုးသားကော်မတီမှာ ပြန်ဆွေးနွေးမှာပါ”လည်း ပြောဆိုသည်။
ယခုလျာထားထားသော နှုန်းထားသည် အလုပ်သမား အဖွဲ့အစည်းများက တောင်းဆိုမှု နှင့် အလုပ်ရှင်များဘက်မှ ပေးနိုင်သည့် နှုန်းထား ကွာဟမှု အနည်းငယ်သာ ရှိသဖြင့် အဆင်ပြေသည့် နှုန်းထားတရပ် ဖြစ်ကြောင်း အမျိုးသား အဆင့် ကော်မတီဝင် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။
အနည်းဆုံး လုပ်ခလစာငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီတွင် အစိုးရဘက်က သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အလုပ်သမား အဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ အလုပ်ရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် စီးပွားရေး ပညာရှင်များ ပါဝင်ကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး လုပ်ခလစာ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။