သတင်း

မိုင်းရှုးတွင် SSPP နှင့် တပ်မတော် သဘောထား တင်းမာနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် လွယ်နိုင်း ကျေးရွာအနီးရှိ ဝမ်လွယ် လမ်းပိုင်း ပြုပြင်ရေးနှင့် ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)နှင့် တပ်မတော်ကြား ညှိနှိုင်းမှု အဆင်မပြေဘဲ သဘောထား တင်းမာ နေကြကြောင်း သတင်းရသည်။

လွယ်နိုင်း ကျေးရွာအနီးရှိ ဝမ်လွယ် အသွားလမ်းပိုင်းအား ပြုပြင်သွားမည် ဖြစ်သည့်အတွက် တပ်မတော်က SSPP တပ်ဖွဲ့ဝင်များကို ဖယ်ရှာပေးရန် ပြောလာရာမှ နှစ်ဖက် ညှိနှိုင်းနေသော်လည်း အဆင်မပြေဖြစ်နေပြီး သဘောထား တင်းမာနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လမ်းပြုပြင်မည့် ကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ၂၀၁၇ ခုနှစ် စက်တင်ဘာလက SSPP ၏ တောင်ကြီး ဗဟိုဆက်ဆံရေးရုံး တာဝန်ခံကို ခေါ်ယူတွေ့ဆုံ၍ အသိပေးခဲ့သလို ထိုကားလမ်းဘေးရှိ SSPP တပ်ဖွဲ့ဝင်များ ဖယ်ရှားပေးရန် ပြောကြားခဲ့သည် ဟုလည်း SSPP က ပြောသည်။

SSPP ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူး -၂ ဒုဗိုလ်မှူးကြီး စိုင်းဆုက “လွယ်နိုင်း-ဝမ်ဝိန်း-ဝမ်လွယ် ကားလမ်း ပြုပြင်မယ် ပေါ့။ အဲ့ဒီ လမ်းကြောင်းရှိ မိမိတို့ တပ်စခန်းများ စစ်ကြောင်းနဲ့ တပ်ဖွဲ့များ အားလုံး ဖယ်ရှားပေးဖို့ ပြောတယ်။ ပြဿနာ ဖြစ်နိုင်တဲ့ လမ်းဖောက်လုပ်ရေးကိစ္စကို မိမိတို့အဖွဲ့ကို လုပ်ခွင့်ပေးပါပေါ့။ နိုင်ငံတော် အတွက် မိမိတို့ အလှူဒါနအဖြစ် ဆောင်ရွက်ပေးသွားမယ်ပေါ့။ ကျနော်တို့ အဖွဲ့က ငွေကြေးစိုက်ပြီးတော့ ကိုယ့်လူနဲ့ကိုယ် လုပ်ပေးမယ်။ ဒါပေမယ့် တပ်မတော်ဘက်က လက်မခံဘူး”ဟု ပြောပြသည်။

လွယ်နိုင်း-ဝမ်ဝိန်း-ဝမ်လွယ် လမ်းပိုင်း ပြုပြင်မည် ဖြစ်သည့်အတွက် ရလခ တိုင်းမှူး (အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာန ချုပ်)က စာရေး၍ SSPP တပ်ဖွဲ့များ၊ စစ်ကြောင်းများ၊ စခန်းများ ဖယ်ပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ စာလိပ်မှုကာ ပေးပို့ခဲ့ပြီး ထိုမှတဆင့် SSPP မှ တာဝန်ရှိသူများထံ စာပေးပို့ ပြောကြားခဲ့သည် ဟု SSPP ဘက်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်ကို ဧရာဝတီ က ဆက်သွယ် မေးမြန်းရာ ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။

မိုင်းရှုးမြို့နယ် လွယ်နိုင်း-ဝမ်ဝိန်း-ဝမ်လွယ် ကားလမ်းအား ငွေကြေးနှင့် လူအင်အား စိုက်ထုတ် ပြုပြင်ရန် SSPP ဘက် က တောင်းဆိုထားသော်လည်း တပ်မတော်ဘက်က လက်ခံခြင်း မရှိသေးကြောင်း၊ ထို့နောက် SSPP မှ စိုင်းဘုန်းဟန် နှင့်အဖွဲ့ နေပြည်တော်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ တွင်လည်း အဆင်ပြေခြင်း မရှိခဲ့ ကြောင်း SSPP ဘက်က ပြောသည်။

“ကျနော်တို့ရဲ့ တပ်စခန်းတွေ၊ စစ်ကြောင်းတွေ၊ ဂိတ်တွေ အဲ့ဒီ လမ်းပိုင်းမှာ ရှိနေတယ်။ ကျနော်တို့က ဘယ်လိုမှ ဖယ် ပေးလို့ မရဘူး။ ဒေသဖွံ့ဖြိုးရေးလည်း လုပ်ပေးနေတယ်။ လမ်းပန်း ဆက်သွယ်ရေးကိုလည်း ကျနော်တို့ ပြုပြင်ပေးနေ တယ်။ ဒါကြောင့် အခု ပြုပြင်မယ်ဆိုလည်း ကျနော်တို့ကိုပဲ လုပ်ခွင့်ပေးဖို့ တောင်းဆို ရတာပါ”ဟု SSPP အတွင်းရေးမှူး – ၂ ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောပြသည်။

လက်ရှိတွင် ကားလမ်း ပြုပြင်မည့် အရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှုများ အဆင်မပြေဖြစ်နေ၍ တပ်မတော် က အင်အားသုံး ဝင်ရောက်၍ လုပ်ငန်း အကောင်အထည် ဖော်မည်ဆိုပါက တိုက်ပွဲများ ဖြစ်ပွား လာနိုင်သည်ဟုလည်း SSPP ဘက် က ပြောသည်။

၂၀၁၅ ခုနှစ်အတွင်းကလည်း ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ကျေးသီးမြို့နယ်အတွင်း တပ်မတော်နှင့် SSPP တို့ တိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ထိုဒေသများအတွင်းရှိ ကားလမ်းများဘေးမှ SSPP တပ်များ နောက် ဆုတ်ပေးရန် ညှိနှိုင်းခဲ့ကြရာ တိုက်ပွဲများ ရပ်တန့်ရေး ဆောင်ရွက်ခဲ့ကြရသည်။

ထိုစဉ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ စစ်ရှောင် ဒုက္ခသည် ထောင်ချီ၍ ကျေးသီး၊ မိုင်းရှုး၊ လားရှိုး စသည့် မြို့ ပေါ်များ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

SSPP သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်၊ တခြားသော လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading