ARSA အကြမ်းဖက်သမားများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကြောင့် ကုလသမဂ္ဂက လူမျိုးတုံး သတ်ဖြတ်မှုဟု စွပ်စွဲသည့် အပြင် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှု ဖိအားများနှင့် မြန်မာအစိုးရ ရင်ဆိုင်နေရချိန်တွင် မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီကို ဆက်လက်ရှင်သန်ခွင့်ပေးရန် မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက တနင်္လာနေ့တွင် မေတ္တာရပ်ခံလိုက်သည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ရှင်သန်ခွင့် ရှိအောင်ကျနော်တို့လုပ်ဖို့လိုတယ်။ အရမ်းကို နုငယ် တဲ့ ဒီမိုကရေစီ ဖြစ်နေတယ်” ဟု ကုလသမဂ္ဂတွင် ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်စဉ် ဦးသောင်းထွန်းက ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဆိုလျှင် စတင်တာဝန်ယူူသည်မှာ ၁၈လသာ ရှိသေးသည်။
အကြမ်းဖက်သမားများက နယ်စပ်အနီးရှိ လုံခြုံရေး စခန်းများကို တိုက်ခိုက်သည့် သြဂုတ်လ ၂၅ ရက် နေ့ နောက်ပိုင်း မြန်မာ့တပ်မတော်က ပြန်လည် တိုက်ခိုက်သောကြောင့် ရိုဟင်ဂျာမွတ်စလင် ဆိုသူ ၅သိန်း ၇ထောင် ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး၊ စစ်သွေးကြွ အများစု အပါအဝင် လူ ၅၀၀ သေဆုံးသည် ဟု အစိုးရက ကြေညာသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ၎င်းက အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မက် မာစတာ (H.R. McMaster) အား ပြီးခဲ့သည့် သီတင်းပတ်က ဖုန်းဖြင့် ဆက်သွယ်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် အမေရိကန် ကွန်ဂရက်အမတ် အများအပြားကို လည်း သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးမှု မရှိကြောင်း မြန်မာ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက Reuter သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ကျနော်တို့ဟာ စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရပြီး ဒီစိန်ခေါ်မှုတွေက တနေ့တည်း တရက် တည်းနဲ့ ကျော်လွှားလို့ မရဘူး။ ရောမမြို့ကြီးကို တရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် နှစ်ပေါင်း ၅၀ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုကို ကျနော်တို့ မဖြေရှင်းနိုင်သေးဘူး” ဟုပြောပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ရှင်းပြရန် အမေရိကန် အမျိုးသားလုံခြုံရေး အရာရှိနှင့် လူချင်းတွေ့ဆုံ ရှင်းပြလိုသည် ဟုလည်း သူကဆိုသည်။
မြန်မာ့တပ်မတော်သို့ လက်နက်ရောင်းချခြင်း မပြုရန် အမေရိကန်က လွန်ခဲ့သော သီတင်းပတ်က တောင်းဆိုုခဲ့သော်လည်း အိုဘားမားအစိုးရ လက်ထက်က ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်မည်ဟု ခြိမ်းခြောက်ခြင်း မရှိခဲ့ ပေ။
သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ အရာရှိတဦးကမူ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ အကြား ပိုမိုနွေးထွေးသော ဆက်ဆံရေး ထူထောင်ရန် ခက်ခဲနေကြောင်း၊ ကာလတိုအားဖြင့် ဆက်ဆံရေး ပြေလျော့မှုများ ရှိနိုင်ပြီး အရေးယူပိတ်ဆို့မှုများ ပြန်လည် ပြုလုပ်မည် ဟု မထင်ကြောင်း ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ (Nikki Haley) နှင့်မူ သီးခြား တွေ့ဆုံ ဆွေးနွေးရခြင်း မရှိသေး သော်လည်း နယူးယောက်ရှိ အခြား အစည်းအဝေးများ ပြင်ပတွင် ရှင်းလင်း ပြောကြားခဲ့ကြောင်း ဦးသောင်းထွန်းက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက “မြန်မာ အာဏာပိုင်များသည် နိုင်ငံအတွင်း မှ လူနည်းစု အုပ်စုတခုကို ရှင်းထုတ်နေသည်၊ ရက်စက်သော ရေရှည်လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပုံ ရကြောင်း” ပြောသည်။
မြန်မာအစိုးရ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက “ကျင့်ဝတ်မူဘောင်ကို မကျော်ပဲ တာဝန်တွေကို ထမ်း ဆောင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ကျနော်တို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထား ပါတယ်။ ဘယ်သူမှ ဥပဒေအထက်မှာ မရှိပါဘူး၊ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်တာ မရှိပါဘူး”ဟုလည်း ဦးသောင်းထွန်းက ပြောသည်။
မြန်မာအစိုးရ လုံခြုံရေးတပ်များအနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး အခြား မည်သည့် စစ်ဆင်ရေးမျှ မရှိကြောင်း ညအမှောင်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများ ရှိသဖြင့် မိမိကိုယ်ကို မိမိခုံခံသည့် အနေဖြင့် ပြန်လည်တိုက်ခိုက်ခြင်းသာရှိကြောင်း သူကဆက်ပြောသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ထွက်ပြေးသူများကို ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်တို့သည် အလုပ်အဖွဲ့ တခုကို ဖွဲ့စည်းခဲ့သည်။
၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လွန်ခဲ့သော သီတင်းပတ်က မြန်မာ့အရေးကို လူသိရှင်ကြား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
(Reuters သတင်းတွင် ဖော်ပြထားသည့် Top Myanmar Official Says ‘Young Democracy’ Facing Challenges ကို ဘာသာပြန်သည်။)