သတင်း

ရဲမှူးချုပ် ၄ ဦးကို နေရာပြောင်းရွှေ့မှုများ ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် တာဝန်ပေးခံခဲ့ရသည့် မောင်တော နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော်ရှိ အမှတ် ၁ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ရဲကွပ်ကဲရေးမှူး အဖြစ် ပြောင်းရွေ့လိုက်ခြင်း အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ၄ ဦးကို ယခုလ ၂ ရက်နေ့တွင် နေရာပြောင်းရွေ့မှုများ ပြုလုပ်လိုက်ကြောင်း သတင်း ရရှိသည်။

မောင်တော နယ်ခြားစောင့် ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော်သို့ ပြောင်းရွေ့လိုက်ပြီး ၎င်း၏ နေရာတွင် မန္တလေး အမှတ် ၃ ရဲ ကွပ်ကဲမှု အဖွဲ့(ရကဖ-၃) မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုးကို အစားထိုးလိုက်ကြောင်း၊ ရဲမှူးချုပ် မြင့်တိုး တာဝန်ယူခဲ့သည့် မန္တလေး ရကဖ-၃ နေရာသို့ ရေနံမြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်က ရဲမှူးချုပ် ရာတူးတိုး၍ ရောက်ရှိလာကြောင်း သိရသည်။

ထို့ပြင် စစ်တွေ ရကဖ-၄ မှ ရဲမှူးချုပ် ဌေးအောင် အငြိမ်းစား ယူသွားသဖြင့် ၎င်းနေရာသို့ ရန်ကုန် ရကဖ-၂ မှ ရဲ မှူးချုပ် မြဝင်း ရောက်ရှိလာကြောင်း၊ ရန်ကုန် ရကဖ-၂ နေရာတွင် နေပြည်တော် ရကဖ-၁ မှ ရဲမှူးချုပ် တင်ကိုကို ရောက်ရှိလာ ကြောင်း ရဲအသိုင်းအဝိုင်းက ပြောသည်။

“ကျနော်တို့ ရဲမှူးချုပ်က ရခိုင်မှာ ၁ နှစ် ကြာပါတယ်။ သူရှိနေတဲ့ ကာလအတွင်းမှာ လုပ်နိုင်စွမ်း ရှိသလောက် သူလုပ်ခဲ့တယ်။ တပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ပွဲဝင် အဆင့်၊ တိုက်ပွဲဝင်နိုင်တဲ့ စိတ်ဓာတ်တွေ ဖြစ်နေအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အရာ အားလုံးတော့ ပြည့်စုံတာမျိုး မဟုတ်ဘူးပေါ့”ဟု ရဲမှူးချုပ် သူရစန်းလွင်၏ ကိုယ်ရေးအရာရှိ ဒုရဲအုပ်လင်းလင်းဦးက ပြောသည်။

ရဲမှူးချုပ် သူရစန်းလွင် မတိုင်မီ မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိမှုဖြင့် ယင်းဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ် မောင်မောင်ခိုင် အပါအဝင် ရဲအရာရှိ ၃ ဦးကို ထောင်ဒဏ်များ အပြစ်ပေး ချမှတ်ခဲ့ပြီး ဖြစ်သည်။

ယခု မောင်တောဒေသို့ ပြောင်းရွှေ့လိုက်သည့် ရဲမှူးချုပ် မြင့်တိုးမှာ အောက်တိုဘာလ ၃ ရက်နေ့က မောင်တော နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ ဌာနချုပ်သို့ ရောက်ရှိ၍ တာဝန် လွှဲပြောင်းယူပြီး ဖြစ်ကြောင်း၊ မောင်တောတွင် ရုံးထိုင်၍ လုပ်ငန်း တာဝန် များကို စတင်နေပြီဟု သိရသည်။

သူသည် အမှတ် ၃ ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မဖြစ်မီတွင် ချင်းပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင် ရဲ တပ်ဖွဲ့မှူးများအဖြစ် တာဝန်ယူခဲ့ကြောင်း၊ ရဲအရာရှိ မဖြစ်လာမီ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ကြောင်း သိရ သည်။

“ဒီလို ရဲတွေ ပြောင်းတာက တာဝန်တွေ လစ်ဟင်းလို့၊ အဆင်မပြေလို့ ဆိုတာထက် တနှစ်တခါတော့ အပြောင်းအလဲ လုပ်တာက ရဲတပ်ဖွဲ့ရဲ့ အစဉ်အလာတခုပဲ”ဟု ရန်ကုန်မြို့မှ အငြိမ်းစား ရဲအရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။

မောင်တောဒေသ ပထမဆုံး တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိသူ ရဲမှူးချုပ် မောင်မောင်ခင်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခဲ့သော်လည်း ယခုနှစ် တကျော့ပြန် တိုက်ခိုက်ခံရမှုများ ဖြစ်ပွားမှုအပြီးတွင် တာဝန်ယူထားသူ ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော်သို့ ပြန်လည် ခေါ်ယူထားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့် တပ်စခန်း ၃ ခုအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲတပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ၊ ကျည်ဆန် အများအပြားကို အကြမ်းဖက်သူများက သိမ်းယူ သွားခဲ့သည်။ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း တပ်မတော်မှလည်း အရာရှိ အဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က အစားထိုး ခန့်အပ်ခံရသည့် ရဲမှူးချုပ် သူရစန်းလွင်သည် တပ်မ ၉၉ တွင် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး၊ ဗကပ (ဗမာ ပြည်ကွန်မြူနစ်ပါတီ) နှင့် တိုက်ခိုက်စဉ်က သူရဘွဲ့ရရှိထားသူ ဖြစ်ကြောင်း၊ ထိုသို့ စွမ်းဆောင်ရည် ရှိသူဖြစ်၍ မောင်တော ဒေသ ကို တာဝန်ယူ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်စိတ်ချကြောင်း ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading