သတင်း

UWSA တပ်မဟာမှူး၏သား တဦး မိုင်းလားတွင် ပစ်သတ်ခံရ သတင်း စိစစ်နေဟုဆို

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက် လှုပ်ရှားနေသော UWSA “ဝ” တပ်ဖွဲ့မှ တပ်မဟာ ၄၆၈ တပ်မဟာမှူး၏ သား တဦး မိုင်းလားတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းထွက်ပေါ်လာရာ ဟုတ် မဟုတ် စိစစ်နေကြောင်း UWSA က တာဝန်ရှိသူများထံမှ သိရသည်။

အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီက “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်း ၏ သားတဦးသည် မိုင်းလားမြို့ ဟိုတယ်တခုတွင် တည်းခိုနေစဉ် ပစ်သတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက အောက်တိုဘာ ၃ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း UWSA ၏ တောင်ပိုင်းဒေသရှိ ၁၇၁ စစ်ဒေသ ဒု ဆက် ဆံရေးမှူး ဦးကျော်လှက စိစစ်နေပြီး အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

“ကျနော်တို့ ဒီသတင်းနဲ့ပတ်သက်ပြီး စိစစ်နေတယ်။ ဟုတ် မဟုတ်ဆိုတာပေါ့။ ဘာမှန်းတော့ မသိရသေးဘူး၊ ကျနော် လည်း သက်ဆိုင်ရာ လူကြီးတွေကို ချိတ်ဆက်ပြီးတော့ စုံစမ်းနေပါတယ်။ အခုထိတော့ အတည်မပြုနိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

သျှမ်းသံတော်ဆင့် သတင်းဌာန၏ ဖော်ပြထားမှုအရ သေဆုံးသူသည် UWSA မှ တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်း ၏ သားကြီးဖြစ်ကြောင်း၊ ပေါက်အိုက်ပန်းသည် UWSA ဥက္ကဌ ပေါက်ယူချမ်း ၏ တူဖြစ်ကြောင်း သိရ သည်။

UWSA ၏ ပြင်ပ ဆက်ဆံရေး ရုံးတရုံးမှ ဒုတာဝန်ခံ တဦးကလည်း အမှုကို စစ်ဆေးနေကြောင်း၊ အသတ်ခံရသူသည် တခြားအဖွဲ့ကဟုလည်း သတင်းများ ထွက်နေကြောင်း ပြောဆိုသည်။

“ကျနော်လည်း မသိရသေးပါ။ တပ်ဖွဲ့ နာမည် အလွဲသုံးစား လုပ်သူတွေလည်း များတယ်။ အမှုကိစ္စ စစ်ဆေးနေတုန်း လို့ ကြားတယ်။ တခြား အဖွဲ့ကလို့လည်း ပြောနေကြတယ်။ အမျိုးမျိုးပဲ”ဟုလည်း အဆိုပါ ဒုတာဝန်ခံက ပြောသည်။

အဆိုပါ သတင်း ထွက်ပေါ်လာမှုနှင့် ပတ်သက်ပြီး မိုင်းလားအဖွဲ့(NDAA)မှ ဦးခမ်းမောင်ကို ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရပေ။

သျှမ်းသံတော်ဆင့်၏ သတင်းတွင် “သူမအိပ်ဘူး၊ တညလုံး၊ ရမ်းကားပြီး တွေ့တဲ့သူတိုင်းကို ဆူတယ်၊ ဆဲတယ်။ နံနက် ပိုင်း အထိဘဲ။ လုံခြုံရေးကို ခေါ်ရ တယ်။ လုံခြုံရေးကနေ ဝင်တားတယ်။ သူက သေနတ်နဲ့ထုတ်ပြီး ပစ်ဖို့လုပ်တော့ လုံခြုံရေးတပ်ကနေ အရင် ပစ်လိုက်တာ” ဟု ဟိုတယ်ဝန်ထမ်း တဦးက ပြောကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က မိုင်းလားတပ်ဖွဲ့၏ တပ်စခန်း ၅ ခုကို ဝင်ရောက် သိမ်းပိုက်မှု ဖြစ်စဉ် တွင် ပေါက်အိုက်ပန်း ဦးဆောင်ခဲ့ပြီး ၎င်းသည် လက်ရှိ မိုင်းလားနယ်မြေ အတွင်းရှိ “ဝ” တပ်ဖွဲ့ အားလုံးအား ကွပ်ကဲ နေသည်ဟုလည်း သျှမ်းသံတော်ဆင့် သတင်း ဌာနက ဆိုသည်။

UWSA နှင့် မိုင်းလားအဖွဲ့ (NDAA) တို့သည် ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့ပြီးနောက် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကာ ၂၀၀၉ ခုနှစ်က တပ်မတော်က နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲရန် ပြောဆိုသည့် အချိန်မှာ UWSA တပ်များ မိုင်းလားဒေသအတွင်း တပ်ဆွဲ၍ NDAA ဘက်မှ ရပ်တည်ပေး ခဲ့သည်။

ထိုအချိန်မှ စတင်ပြီး UWSA တပ်များသည် မိုင်းလားဒေသအတွင်း တပ်ဆွဲ၍ ယနေ့အချိန်ထိ ရှိနေခဲ့ပြီး အစိုးရ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာလည်း အတူတကွ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

Loading