သတင်း

ကျောက်ဆည် မြန်မာ့ရိုးရာ ဆင်ပြိုင်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ ဆင်အလှူပွဲတော် ဆင် အက အလှ ပြိုင်ပွဲကို အောက်တိုဘာ ၄ ရက်က ကျောက်ဆည်မြို့နယ် ရွေသာလျောင်း တောင်ခြေတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ကျောက်ဆည် ဆင်ပွဲတော်သည် အနော်ရထာမင်းကြီး၏ ကောင်းမှုတော် ရွှေသားလျောင်းစေတီ ပွဲတော်အဖြစ် ကျောက်ဆည် နယ်သူနယ်သားများက သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပြီး ရွှေသာလျောင်း တောင်ထိပ်တွင် စွယ်တော်ဆင် ကိန်းဝပ်သည့် အထိမ်းအမှတ် ရှိစေရန်အတွက် မုန့်ဆင်ရုပ်ကလေးများ ပြုလုပ် လှူဒါန်း ပူဇော်ကြရာမှ စခဲ့သည်ဟု သိရသည်။

“အဲ့ဒီလို မုန့်နဲ့ ဆင်ရုပ်လေးတွေ ပြုလုပ် လှူဒါန်းရာက စပြီး ကျနော်တို့မြို့လေးရဲ့ ဆင်လှူပွဲတော် အစပြုလာတာဗျ၊ တကယ်တော့ ကျနော်တို့နယ်က ဆင်ဆို အရမ်းတန်ဖိုးထား ချစ်မြတ်နိုးကြတာက ဓလေ့တခုလို ဖြစ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး၊ ကျောက်ဆည်သား စစ်စစ်မှန်ရင် ဆင်ပွဲနီးလာလို့များ အခြားဝေးရပ်တနေရာကို ရောက်နေရင်တောင် တနှစ်မှာ တရက်ကတော့ အမြဲ အိမ်ပြန်ဖြစ်ကြတယ်၊ အဲဒီနေ့က ဆင်ပွဲကျင်းပတဲ့ သီတင်းကျွတ်လဆန်း ၁၄ ရက် နေ့ ပဲ”ဟု ကျောက်ဆည် ဒေသခံ ကာတွန်း ဖောင်းဖောင်းက ပြောပြသည်။

ကျောက်ဆည် ဆင်ပွဲတော်တွင် ဆင်ပြိုင်ပွဲ ထည့်သွင်းခဲ့သည်မှာ နှစ် ၄၀ ကျော်သာရှိသေးပြီး ဆင်ပြိုင်ပွဲ စတင်ဖြစ်ပေါ် လာစေရန် စွန့်ဦးတီထွင်ခဲ့သူသည် ကျောက်ဆည် ဆူးကုန်းရပ်မှ မဏ္ဍပ်ဆရာကြီး ဦးငယ်ဖြစ်ကြောင်း၊ ထမ်းဆင်ရုပ် စတင် တီထွင်ခဲ့ပြီး ၁၉၂၅ ခုနှစ်မှ စ၍ ဆင်ရုပ်အတွင်း လူဝင်၍ ကရသည့် ဆင်ကို တီထွင်ဖန်တီးခဲ့ကြောင်း၊ ထမ်းဆင် ၏ သက်တမ်းသည် နှစ်ပေါင်း ၁၄၀ ကျော်ရှိနေပြီဖြစ်သလို လူဝင်၍ ကရသည့် ဆင်၏ သက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော်ပြီဟု ကျောက်ဆည် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယခုနှစ် ဆင်အကအလှပြိုင်ပွဲတွင် အတန်းတတန်းလျှင် ယှဉ်ပြိုင်သည့့်ဆင် ၅ စီး မပြည့်ပါက ဆုပေးရွေးချယ်မည်မဟုတ် ဟု စည်းကမ်း သတ်မှတ်ထားသော်လည်း ဆုရွေးချယ်ချီးမြှင့်သွားမည်ဟု ကျောက်ဆည် ဆင်ပွဲတော် ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

“သတ်မှတ်အကောင်ရေ မပြည့်ပေမယ့် ဒီနှစ်မှာ ကြေညာထားတဲ့ အတိုင်း ဆုရွေးချယ်ပေးသွားမှာပါ၊ သတ်မှတ်ဆင် အကောင်ရေ မပြည့်တာကတော့ အဓိက ပြိုင်ပွဲဝင်မယ့်ဆင် နည်းသွားတာပါ၊ ပြိုင်ပွဲဝင် ဆင်တကောင်ရဲ့ ကုန်ကျ စရိတ် က အရင်ထက် မြင့်တက်လာတာကြောင့်လို့ပဲ ပြောချင်ပါတယ်၊ စည်းကမ်း သတ်မှတ်ချက်တွေက ၂၀၁၅ ခုနှစ် ကတည်းက သတ်မှတ်ခဲ့တဲ့ စည်းကမ်းတွေပါ”ဟု ကျောက်ဆည် ဆင်ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်မောင် က ပြောသည်။

အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ကျောက်ဆည် ဆင် အကအလှ ပြိုင်ပွဲ
ဒီလှိုင်းဝင်း/ဧရာဝတီ

ယခုနှစ် ဆင်အလှူပွဲတော်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသ ကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆင်များနှင့်အတူ ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာများမှ ဆင်အဖွဲ့များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် အတွင်း၌ ကျေးရွာ ၉၆ ရွာရှိပြီး ယခင်က ခရိုင်အတွင်းရှိ ကျေးရွာများမှ ဆင်အဖွဲ့များ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စရိတ် ကြီးမြင့်မှုကြောင့် ကျေးရွာ ရိုးရာဆင်များ အနေဖြင့် ဖွင့်ပွဲသာ တက်ရောက် ခဲ့သည်ဟု ဆိုသည်။

“ဆင်ပြိုင်ပွဲမှာ ကျေးရွာတွေက ရိုးရာဆင်တွေ ဝင်ရောက်ယှဉ်ပြိုင်မှု တဖြည်းဖြည်း လျော့နည်းလာတယ်၊ ကျေးရွာဆင်တွေက ဖွင့်ပွဲအခမ်းအနား တက်တယ်၊ ပြီးရင် ပြန်ကြရတာ မပြိုင်နိုင်ကြတော့ဘူး၊ အဓိကတော့ ပြိုင်ပွဲတပွဲရဲ့ ကုန်ကျ စရိတ် ကြီးမြင့်လာတာတော့ ငွေကြေး အခက်အခဲကြောင့်ပဲ မပြိုင်ဖြစ်ကြတော့တာပါ”ဟု ပြိုင်ပွဲဝင် ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်အကအဖွဲ့မှ ဦးစိုးရွှေက ပြောသည်။

အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ကျောက်ဆည် ဆင် အကအလှ ပြိုင်ပွဲ
ဒီလှိုင်းဝင်း/ဧရာဝတီ

ကျေးရွာများက ဆင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုသည် ၂၀၀၄၊ ၂၀၀၅ ခုနှစ်ခန့်မှ စတင်လျော့နည်းလာပြီး မြို့ပေါ် ပုဂ္ဂလိက ဆင်များပါဝင်လာမှုနှင့်အတူ ဆင်ကသူ၊ ဆိုင်းဝိုင်းတီးသူတို့အား အပြိုင်အဆိုင် ငှားရမ်းမှုများ ရှိလာကြောင်း၊ ကျေးရွာဆင်အဖွဲ့များ အနေဖြင့် ရန်ပုံငွေ အားနည်းသည့်အတွက် ဆုတံဆိပ်ရရှိမှု နည်းပါးလာခြင်းကြောင့် ကျေးရွာ ဆင်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ယခုအခါ ကျေးရွာဆင်အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မှု နည်းပါးလာခြင်းကို ပြိုင်ပွဲကျင်းပရေး ကော်မတီ အနေဖြင့် ကျေးရွာ ဆင်များပါ ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်မည် ဆိုပါက ပို၍ စည်ကားသောပွဲတော် ဖြစ်လာနိုင်မည်ဟု ဆိုသည်။

“ရိုးရာတန်းကို အရင်က ကလေးတွေ လူငယ်တွေက ကိုယ့်ရိုးရာဖြစ်နေလို့ စုပြီး ပြိုင်ပွဲဝင်ကြတာပါ၊ အခုနောက်ပိုင်းမှာ ဘော်ကြယ်တန်းနဲ့ ကလေးတန်းက တဦးတယောက်တည်းက ကုန်ကျငွေကို စိုက်ထုတ်ပြီး လုပ်ကြတာများတယ်၊ ဘော်ကြယ်တန်းဆိုရင် ကုန်ကျစရိတ်က ကျပ် သိန်း ၈၀ လောက် ကုန်ကျတာဆိုတော့ ပြိုင်ပွဲဝင်ဖို့ တော်တော် စဉ်းစား နေရပြီလေ၊ ကိုယ့်ရိုးရာကို ဝါသနာအရ ပြိုင်ပွဲဝင်ကြတာများတယ် ဆိုပေမယ့် ကုန်ကျစရိတ် မြင့်လာတော့ ပြိုင်ပွဲဝင် ဆင် နည်းလာတာပါ”ဟု ကိုးမြေရိုးရာ ရွှေဧရာ ဘော်ကြယ် ဆင်အဖွဲ့မှ ကိုအောင်မိုးခိုင်က ပြောသည်။

အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ကျောက်ဆည် ဆင် အကအလှ ပြိုင်ပွဲ
ဒီလှိုင်းဝင်း/ဧရာဝတီ

ယခင် ပြိုင်ပွဲစတင် ကျင်းပစဉ်အချိန်က ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာများ အားလုံးနီးပါး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ညိုချော၊ ရွှေဝါမောင်၊ ရွှေစဉ်မောင်၊ ရတနာဦး၊ စောလူးမောင် စသည့်ဆင်များသည် နာမည်ကြီးပြိုင်ပွဲဝင် ဆင်များဖြစ်ခဲ့ကြောင်း၊ ဆင်ပြိုင်ပွဲပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တရွာနှင့်တရွာ ချစ်ခင်ရင်းနှီးမှုကို အခြေခံ၍ ဝါသနာဖြင့် ယှဉ်ပြိုင်ခြင်းမျိုး ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ရိုးရာဆင် ပြုလုပ်ခ တကောင်လျှင် အနည်းဆုံး ငွေကျပ် ၂သိန်းခွဲ ဝန်းကျင်၊ ဘော်ကြယ်ဆင်သည် အနည်း ဆုံး ကျပ် ၁၀ သိန်းခန့်ရှိပြီး အလှဆင်မှုအတွက် ထည့်ရင်ထည့်သလောက် ကုန်ကျလေ့ရှိကြောင်း၊ ဆင်ပြိုင်ပွဲတွင် ရိုးရာဆင်၊ ဘော်ကြယ်ဆင်နှင့် ကလေးဆင် သုံမျိုး ယှဉ်ပြိုင်ကြကြောင်း၊ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာကိုယ်စားပြု ဆင်အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မှု တဖြည်းဖြည်း လျော့နည်းလာခဲ့ကြောင်း သိရ သည်။

ယခုနှစ်ဆင်ပွဲတော်တွင် ကလေးဆင်(ရိုးရာ)တန်း၌ မင်းဇာနည်(မင်းရပ်)၊ ခန့်မှူးပိုင် (မြင်းကဘတ်ရွာ)၊ မင်းကျန်စစ်(ရွာသစ်ရပ်)၊ မျိုးချစ်ရင်သွေး(အောက်ချိုင်း)၊ ရွှေဆည်မြို့ရဲ့ရင်သွေးငယ် စသည့် ဆင် ၅ စီးနှင့် ဘော်ကြယ်တန်း၌ ရွှေဇင်မောင် (ထန်းဇင်တော်ရွာ)၊ ဉာဏ်လင်းထက်(ဆူးကုန်းရပ်)၊ ဧရာမိုး(မြင်စိုင်းရပ်) ဆင်သုံးစီးတို့ ယှဉ်ပြိုင်ခဲ့သည်။

အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ကျောက်ဆည် ဆင် အကအလှ ပြိုင်ပွဲ
ဒီလှိုင်းဝင်း/ဧရာဝတီ

ရိုးရာဆင် အကြီးတန်း၌ ပိတောက်မြိုင်၊ လှယဉ်ကျေး၊ မျိုးဆက်သစ်၊ မြတ်ဂုဏ်ရောင်၊ ရွှေချိုင်းမောင်၊ မြင်စိုင်းဇာနည်၊ မင်းရွှေဆည်၊ ရွှေမောင်မောင်၊ ဒို့မဟာ၊ လှရွှေဆည်၊ ဇာနည်ဘွား၊ ကရုဏာရှင်၊ ပဏ်၊ မင်းမြန်မာ၊ ဇင်လင်းဖြိုး၊ နောက်တိုး ဆင်အကောင်ရေ ၁၆ စီးရှိပြီး အတန်းသုံးတန်း၌ စုစုပေါင်း ၂၄ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် ၁၃၇၈ ခုနှစ် ဆင်ပြိုင်ပွဲတွင် ရိုးရာအငယ်တန်း ၅ စီး ၊ ဘော်ကြယ်ဆင် ၆ စီး ၊ ရိုးရာအကြီးတန်း ၁၆ စီး စုစုပေါင်း ၂၇ စီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲဝင် ဆင်အဖွဲ့များအား ပြိုင်ပွဲကျင်းပရေး ကော်မတီ က ကလေးဆင်(ရိုးရာ)တန်း၌ ပထမဆု ကျပ် ခြောက်သိန်း၊ ဒုတိယ ဆု ကျပ် လေးသိန်း၊ တတိယဆု ကျပ် နှစ်သိန်း ချီးမြှင့်မည် ဖြစ်သည်။
ဘော်ကြယ်တန်း၌ ပထမဆု ကျပ် ရှစ်သိန်း၊ ဒုတိယဆု ကျပ် ခြောက်သိန်း၊ တတိယဆု ကျပ် လေးသိန်း၊ ရိုးရာဆင် အကြီးတန်း၌ ပထမဆု ကျပ် ဆယ်သိန်း၊ ဒုတိယဆု ကျပ် ရှစ်သိန်း၊ တတိယဆု ကျပ် ခြောက်သိန်း၊ အထူးဆု ကျပ် ၅ သိန်း ချီးမြင့်ပေးသွားမည်ဖြစ်သသည်ဟု ဆိုသည်။

ကမ္ဘောဇဘဏ် (ကျောက်ဆည်)မှ ကလေးဆင်(ရိုးရာ)တန်း၌ ပထမဆု ကျပ် ခြောက်သိန်း၊ ဒုတိယဆု ကျပ် လေးသိန်း၊ တတိယဆု ကျပ် နှစ်သိန်း ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading