ရခိုင်ပြည်နယ် မောင်တောဒေသတွင် မည်သည့် တိုက်ပွဲမျှ မရှိဘဲ မွတ်စလင်များ အစုလိုက် အပြုံလိုက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက် ခွာရန် ကြိုးစားနေခြင်းသည် ရိုးသားမှု မရှိဘဲ မြန်မာကို နိုင်ငံတကာတွင် ပုံရိပ်ကျဆင်းစေရန် အကွက်ကျဆောင်ရွက်နေခြင်းဟု ယုံကြည်ရကြောင်း မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
“အဓိကကတော့ မြန်မာနိုင်ငံ ထိခိုက်အောင် သူတို့ပြောတဲ့ လူတွေ အစုလိုက် အပြုံလိုက် ရွေ့ပြောင်းသွားလာခြင်းတွေ ဖြစ်နေတယ် ပါတယ် ဆိုတဲ့ဟာကို ဖြစ်အောင် အကွက်ချပြီးတော့ လုပ်နေတဲ့ သဘောလို့ ယူဆတယ်။ ပြောရင်ရင် ရိုးသားမှု မရှိဘူး။ သူတို့ကို ဘယ်သူကမှ ဘာမှ မလုပ်ဘူး။ ဒုက္ခလည်း မပေးဘူး။ လုံခြုံရေးအရ ကာကွယ်ပေးမယ်။ လူမှုရေးအရ ထောက်ပံ့ ပေးမယ် ဆိုတာ လည်း ပြေးနေကြတာပဲ”ဟု ဦးဇော်ဌေးက ပြောသည်။
ယခုလို ထွက်ပြေးရသည့် အကြောင်းရင်းများထဲတွင် ဘင်္ဂလားဒေရှ် နိုင်ငံဘက်မှ တယ်လီဖုန်းများနှင့် ဆက်သွယ်ပြီး ခြိမ်းခြောက် သည့် သတင်းများည်း ရနေကြောင်း၊ တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားလာပါက ၎င်းတို့ပဲ ကျန်တော့သည် ဆိုသည့် ကြောက်စိတ်၊ စိုးရိမ်စိတ်တို့ဖြင့် ပြေးသည်လည်း ဖြစ်နိုင်ကြောင်း အတိုင်ပင်ခံရုံးက ပြောသည်။
ဦးဇော်ဌေးက“လူတယောက်ကို လှေနဲ့လိုက်ရင် ဘယ်လောက်၊ Camp (ဒုက္ခသည်စခန်း)ကို ရောက်ရင် ဘယ်လောက် ဆိုတာ တွေလည်း ကြားတယ်။ အဲဒါတွေ ပေါင်းလိုက်ရင် ဘယ်သူတွေက ဒီလူတွေကို ပိုက်ဆံထုတ်ပေးနေလဲဆိုတဲ့ မေးခွန်းတွေ စဉ်းစား စရာတွေ ဖြစ်နေတယ်”ဟုလည်း ပြောသည်။
အဆိုပါရခိုင်ဘက်မှ အစုလိုက်အပြုံလိုက်ထွက်ခွာလာရန် ဖြှားယောင်းသွေးဆောင်မှုများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက လည်း လူကုန်ကူးမှုများနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့် အတွက် နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်းဘင်္ဂလီများကို တင်ဆောင် သည့် လှေ အစီး ၂၀ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)က ဖျက်ဆီးကာ၊ လှေပေါ်ပါလာ သူများကို ရိုက်နှက် ဖမ်းဆီးနေ ကြောင်း Reuters သတင်းကဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် ယင်းဒေသရှိ မွတ်စလင်အားလုံး ထွက် ပြေးနေသည် မဟုတ်ဘဲ ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းကျော်မှာ ပြဿနာ မဖြစ်ဘဲ နေထိုင်နေကြောင်းကို စဉ်းစား အဖြေရှာရန် တိုက် တွန်းချက်ရှိရာ ယင်းထောက်ပြမှုကို ဆန့်ကျင်ရန် ယခုစုဝေးမှုကို လုပ်ပြနေခြင်းသည် ရိုးသားမှု မရှိကြောင်း အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း ထောက်ပြသည်။
“ဒီလူတွေ ရှိနေသေးရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းက တရားဝင်တယ်။ အဲလိုအချိန်မှာ ထောင်၊ သောင်း၊ သိန်းချီပြီး ထွက် ပြေးဖို့ လုပ်ပြ နေတာကတော့ သွေးရိုးသားရိုး မဟုတ်ဘူးလို့ သုံးသပ်တယ်။ ကျန်ရစ်တဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက်က ထွက် မသွားဘူးဆိုလို့ အဲဒါကို အဖြေထုတ်ရမယ်လို့ သူက ပြောတာကိုး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပေါ်မှာ ကပ်ဖဲ့ရပ်ဖဲ့ လုပ်ပြီး တော့ ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ သုံးသပ်တယ်”ဟု ဦးထွန်းကြည်က ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မွတ်စလင်များသည် စားဝတ်နေရေး အခက်အခဲ၊ လုံခြုံရေး အနေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် မွတ်စလင်များက ထွက်ခွာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့် ၎င်းတို့အုပ်စုသည် လူနည်းစု ဖြစ် မည်ကို စိုးရိမ်သဖြင့် တဖက်နိုင်ငံရှိ ၎င်းတို့ မျိုးနွယ်စုများထံ သွားရောက်လို၍ ၎င်းတို့ နေထိုင်သည့် ကျေးရွာများမှ တဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထောင်နှင့်ချီ၍ ၂ နိုင်ငံ နယ်စပ်အနီးတွင် စုဝေးခဲ့ကြသည်။
ပြီးခဲ့သည့် စက်တာဘာ ၂၆ ရက်နေ့ကတည်း ဘင်္ဂလီများ အစုလိုက်အပြုံလိုက် ထွက်ခွာရန် ကြိုးစားလာရာ ယခုဆိုလျှင် ဦးရေ ၁သောင်း ၃ထောင်ခန့် နယ်စပ်တွင် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း“ရပ်မိရပ်ဖတွေနဲ့ သွားတွေ့တယ်။ လူမှုရေး အကူအညီ ဘာ လိုလဲ သွားမေးတယ်။ သွားမေးတဲ့အခါမှာ ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေပါတယ်။ ဟိုဘက်ကနေခေါ်လို့ သူတို့ဆွေမျိုးတွေ ရှိတဲ့ နေရာ ကို သွားနေတော့မယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြေကြတယ်။ ဘာမှ ပြဿနာ မရှိဘူးတဲ့။ ကျေးရွာအုပ်စုလိုက် သွားနေကြတာဆိုတော့ လူက ထောင်နဲ့ချီပြီးတော့ ရှိနေတယ်”ဟု ပြောသည်။
ယင်းရွေ့ပြောင်းလိုသူများကို အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ထွက်မပြေးရန် ဖြောင်းဖျခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် ရိက္ခာ များ ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်မခံကြောင်း၊ ယခုဖြစ်စဉ်ကို ဘင်္ဂလားဒေရှ်နိုင်ငံကလည်း ၎င်းတို့ဆီသို့ အဝင် မခံဘဲ တားဆီးသင့်ကြောင်း၊ ယခုဖြစ်ရပ်ကို မီဒီယာ အပါအဝင် အားလုံးက အမှန်အတိုင်း ရပ်တည်ကြရန် လိုကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
“ဒီလို ထွက်တဲ့အခါမှာ ခြံစည်းရိုးတွေကို ဖျက်သွားတာကိုတော့ လက်မခံဘူး။ သူ့ဟာသူ ချောင်းထဲကပဲ သွားသွား၊ မြောင်းထဲကပဲ သွားသွား ၂ နိုင်ငံ နယ်နမိတ်က အရှည်ကြီး ဆက်စပ်နေတာ။ ကျနော်တို့ ခြံစည်းရိုးတွေကို ဖြဲသွားတာမျိုးကတော့ လက်မခံဘူး။ အဲဒီလူအုပ်စုကြီးက အကြာကြီး အဲဒီနေရာမှာ နေလို့ မရဘူး။ ညမှောင်တဲ့အခါကျတော့ အလျှို၊ အလျှိုနဲ့ ဒီလိုပဲ ပျောက်သွားတာပဲ။ ဒီလိုပဲ ထွက်သွားကြတာပဲ”ဟု ဦးတင်မောင်ဆွေက ပြောသည်။
ကျန်ရစ်ခဲ့သည့် ၅၀ ရာခိုင်နှုန်းကျော်သော မွတ်စလင် အသိုင်းအဝိုင်းကို ARSA ၏ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ရည်ရွယ်ချက် ရှိရှိ လူများ သိန်းနှင့် ချီ၍ ထွက်ပြေးအောင် ဖန်တီးနေသည့် မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့့် အဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း၊ ယင်းဒေသရှိ အခြေခံပညာ အားနည်းသည့် လူများကို သြဇာလွှမ်းမိုးထားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
“အဲဒီဒေသမှာ အကျိုးစီးပွားတွေက အများကြီး ဖြစ်နေတယ်။ ARSA ကလည်း အကျိုးစီးပွားတွေ ပါနေတယ်။ အစိုးရကရော၊ တပ်မ တော်ကရော သူတို့ကို ထိန်းသိမ်းပြီး လက်နက်တွေကို နိုင်ငံတကာကို ပြသတဲ့အခါကျတော့ လက်နက်တွေက မီးကျိုးမောင်းပျက် တွေ။ မီးကျိုးမောင်းပျက်ကိုင်ထားတဲ့ ဒီ ARSA ကို ဘာကြောင့် မချေမှုန်းနိုင်ရတာလဲ”ဟု ဦးထွန်းကြည်က မေးခွန်းထုတ်သည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယခု အစုလိုက် ရွေ့ပြောင်းမှုသည် လွန်ခဲ့သည့် တလက ပြေးပုံနှင့် မတူပဲ အေးအေးဆေးဆေး ပြေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေများအရလည်း ထွက်ပြေးလိုသူများကို တားဆီးရန် ခက်ကြောင်း ပြောသည်။
“အာဏာပိုင်တွေက လုံခြုံရေးပေးမယ်။ စားနပ်ရိက္ခာပေးမယ် ပြောတာပဲ။ သူတို့မှ လက်မခံပဲကိုး။ ဒီက ကူညီ စောင့်ရှောက်မယ် ပြောတာပဲ။ သူတို့က သွားတာပဲ။ ဟိုမှာက ရိက္ခာ အထောက်အပံ့ ပိုရနိုင်တယ်။ တတိယနိုင်ငံ တခုခုကိုလည်း ရောက်သွားနိုင် တယ်။ အဲလို မက်လုံးတွေ ရှိတယ်။ ဒီမှာနေရင် ဒုက္ခတွေများမယ်ဆိုတဲ့ စည်းရုံးမှုတွေနဲ့ ရှင်းထုတ်လိုက်တာပေါ့”ဟု ဦးခင်မောင် လတ်က ပြောသည်။
ထိုသို့ လူအုပ်စုလိုက် ထောင်ပေါင်းများစွာ ရွေ့ပြောင်းမှုများကြောင့် မြန်မာ အစိုးရမှာ နိုင်ငံတကာတွင် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေသည်ဆိုသော စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေပြီး ယင်းမွတ်စလင်များသည် တဖက်နိုင်ငံတွင် နိုင်ငံတကာသို့ ပေးပို့သည့် သတင်းစကားများနှင့် နိုင်ငံတကာ မီဒီယာများ၏ ပုံဖော်မှုကြောင့် မြန်မာအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ပင် ရောက်ရှိလျက် ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့် ဆွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလ် မာမွတ် အလီနှင့် တွေ့ဆုံကာ ထွက်ပြေးသွားသူများ ကို စိစစ်ပြီး ပြန်လည် လက်ခံရန်နှင့် ARSA ဘင်္ဂလီအကြမ်းဖက်အဖွဲ့အား ဘုံရန်သူအဖြစ် သတ်မှတ်ကြောင်း ဆွေးနွေးခဲ့သည်။