အခြေခံပညာကျောင်းများအတွက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ နှစ်သောင်းကျော် ကို မကြာမီကာလအတွင်း ထပ်မံ ခန့်ထားနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနက လုပ်ငန်းစီမံချက် ရေးဆွဲလျက် ရှိကြောင်း သတင်း ရရှိသည်။
ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက“ခွင့်ပြုထားတဲ့ ဘတ်ဂျက်နဲ့ လိုက်လျောညီ ထွေမှု ဖြစ်အောင် ထပ်ခန့်ရမယ်။ ခန့်မှန်းခြေအားဖြင့် အနည်းဆုံး နှစ်သောင်းကျော် ခန့်မယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်ခန့်ရမှာ။ ဆရာ ကျောင်းသား အချိုးအရ မဆိုးလှသော်လည်း မြို့ပေါ်မှာက ဆရာတွေ ပုံနေပြီး နယ်တွေမှာက အရမ်းနည်းနေတယ်”ဟု ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့တွင် သတင်းထောက်များကို ပြောသည်။
အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးကလည်း လိုအပ်ချက် ရှိနေသောကြောင့် ယခုနှစ်ထဲတွင် ခန့်ထားနိုင်ရေး အတတ်နိုင်ဆုံး ကြိုး စားသွားမည်ဟု မီဒီယာများသို့ ပြောသည်။
ဒေါက်တာ အောင်နိုင်စိုးက“အကြို မူလတန်းပြဆိုပြီး အရင် ခေါ်လိုက်မယ်။ ပြီးမှ ဆရာတို့က ဘာဆက်လုပ်မလဲဆို တော့ တလသင်တန်းပေးမယ်။ အဲဒီမှာ M.A ၊ MSc တွေကိုပါ ထည့်ခေါ်လိုက်မယ်။ M.A ၊ MSc တွေကို ထည့်ခေါ်တဲ့ ရည်ရွယ်ချက်က အလယ်တန်း နဲ့ အထက်တန်းပြတွေ အတွက်လိုချင်လို့။ အဲဒီအခါကျတော့ ခန့်မယ်ပုံစံက ၂ မျိုး ဖြစ်သွားမှာပေါ့”ဟု ပြောသည်။
သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များသို့ ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက် စာရင်းများကို ပြန်လည် ကြည့်ရှု့သွားမည် ဖြစ်ကြောင်း၊ အလုပ်ခေါ်စာများကို သတင်းစာထဲတွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း၊ အထက်တန်းပြ ရာထူးအတွက် မူ သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားခံရမည့်သူတို့ ကိုက်ညီမှု ရှိစေရန် လိုအပ်သည့်အတွက် အချိန်ယူနေရ ကြောင်း ပညာရေး ဝန်ကြီးဌာနက ဆိုသည်။
“အခုပြည်နယ်နဲ့ တိုင်းတွေရဲ့ ဘာသာရပ် လိုအပ်ချက်တွေကို စာရင်းလိုက်ကောက်နေတယ်။ ဘယ်နေရာမှာ ဘယ် ဘာသာရပ်က လိုအပ်နေလဲ။ အဲဒီအခါကျရင် လိုအပ်တဲ့ ဘာသာရပ်အတွက် ဆရာကို ဦးစားပေးပြီး စဉ်းစားမယ်။ ခန့်မှာက ဒီနှစ်ထဲမှာ ဖြစ်ဖို့ များတယ်။ ဖြစ်အောင်တော့ လုပ်ရမှာပဲ”ဟု ဒေါက်တာ အောင်နိုင်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် သင်ယူမှု အခွင့်အလမ်း မြင့်မားရေးအတွက် ဆရာ၊ ဆရာမအသစ်များ ခန့်ထား ပေးရာတွင် ၂၀၁၁-၁၂ ပညာ သင်နှစ်တွင် ၂၇၇၅၈၄ ရှိရာမှ ၂၀၁၇-၁၈ တွင် ၃၆၉၆၆၁ ဦးရှိလာ ကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားဖွင့်ပွဲတွင် ပြောသည်။
ထို့ပြင် ယခင် ၁၁ တန်း အခြေခံပညာရေး စနစ်ကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် KG+12 အခြေခံပညာရေး စနစ်သို့ စတင် ကူးပြောင်းနေပြီ ဖြစ်ရာ သူငယ်တန်းနှင့် မူလတန်း သင်ရိုးသစ် များကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ လည်း ကောင်း၊ အလယ်တန်း သင်ရိုး ညွှန်းတမ်းများကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် လည်းကောင်း၊ အထက်တန်း သင်ရိုးသစ် များကို ဥရောပသမဂ္ဂနှင့် လည်းကောင်း ပူးပေါင်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။
“သူငယ်တန်း သင်ရိုးသစ်ကိုတော့ ၂၀၁၆-၁၇ မှာ စတင်ခဲ့ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်မှာ Grade 1 သင်ရိုးသစ်ကို စတင် သင်ကြား နေပြီ ဖြစ်ပါတယ်။ Grade 12 အထိ သင်ရိုး ညွှန်းတမ်းအသစ်များကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ရေးဆွဲပြီးစီးမှာ ဖြစ်ပါတယ်”ဟု ပညာရေး ဝန်ကြီးက ပြောသည်။