သတင်း

ရခိုင်မြောက်ပိုင်း ဖြစ်စဉ်အပေါ် “လူမျိုးတုံးသုတ်သင်မှု” ဟု အမေရိကန်မသုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့်ပတ်သက်၍ အမေရိကန်လွှတ်တော် အမတ်အချို့က Ethnic cleansing လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် စွပ်စွဲပြောဆိုနေကြသော်လည်း အမေရိကန်အစိုးရကတော့ ထိုအသုံးအနှုန်းကို ရှောင်လွှဲလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံက အခြေအနေနှင့် ပတ်သက်၍ အမေရိကန် အောက်လွှတ်တော်တွင် အောက်တိုဘာ ၅ ရက်နေ့က ကြားနာမှု ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အဓိပ္ပာယ် သတ်မှတ်သလားဟု အမေရိကန် အစိုးရကို လွှတ်တော်အမတ်တချို့က မေးခွန်းထုတ်ခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ကြားနာပွဲတွင် “လူမျိုးတုံးသုတ်သင် ရှင်းလင်းမှု” ဆိုသည့် အသုံးအနှုန်းကို ရှောင်လွှဲ သုံးနှုန်းသွားခြင်း ဖြစ်သည်။

Patrick Murphy က “ဒီအခြေအနေကို အကဲဖြတ်ဖို့ သုံးသပ်မှုတွေ မျိုးစုံရှိနေပြီး ဘယ်သူတွေမှာ တာဝန်ရှိတယ် ဆိုတာပါ ဆန်းစစ်နေကြပါတယ်။ လောလောဆယ်အားဖြင့် ဒီအခြေအနေနဲ့ အဖြစ် အပျက် တွေကို ဘယ်လို ခေါ်ဝေါ်ရမယ် ဆိုတာထက် ဒါဟာ လူသားဆိုင်ရာ ဒုက္ခတွေလို့ပဲ မြင်ပါတယ်” ဟု ပြောဆိုသွားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေများနှင့် ပတ်သက်၍ လူဦးရေ သန်းတဝက်ခန့် ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေး နေရသည့် အခြေအနေနှင့် ပြည်တွင်း၌ ရွှေ့ပြောင်းနေကြရသော အခြေအနေများ အပေါ် စိုးရိမ်ကြောင်း အောက်လွှတ်တော် ကြားနာပွဲတွင် ပြောဆိုသွားသည်။

“အကြမ်းဖက်မှုတွေ ရပ်ဆိုင်းအောင် ချက်ချင်း လက်တွေ့လုပ်ဆောင်ဖို့ လိုပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လုပ်နေတဲ့ တပြိုင်တည်းမှာဘဲ နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ဆန့်ကျင်ပြီး ဒီလုပ်ရပ်တွေကို ဘယ်သူက ကျူးလွန်သလဲ ဆိုတဲ့ အဖြေတွေပါ ရှာသွားဖို့ ကျနော်တို့ သဘောထားရှိပါတယ်” ဟု Patrick Murphy က ဆိုသည်။

Patrick Murphy သည် စက်တင်ဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာကို ပြောကြားခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ခဲ့သလို ထိုနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြား တွေ့ဆုံခဲ့သူဖြစ်သည်။

နေပြည်တော်၌ ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေ အနေ များနှင့် ပတ်သက်၍လည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာလည်း နိုင်ငံတကာ၏ ဝိုင်းဝန်းဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

Loading