သတင်း

နေပြည်တော် စည်ပင်အရာရှိ ၂ ဦး လာဘ်ပေး လာဘ်ယူမှု စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အရာရှိ ၂ ဦးသည် ဈေးသည် တချို့ထံမှ ငွေကြေး လာဘ်လာဘများ လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ထို့ကြောင့် ၎င်းတို့ ၂ ဦးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုနိုင်ရန် အတွက် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

ကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ပြောရေးဆိုခွင့်လည်း ရှိသူ ဦးသင်းမောင်က“ရှေ့နေချုပ်ရုံးကို တင်ပြပြီး ဥပဒေ အကြံဉာဏ် တောင်းထားတယ်။ တင်ထားတာလည်း မှန်တယ်။ ရလာရင် ကျနော်တို့ လိုတာကို ဆက်လုပ်မှာပေါ့။ အကုန်လုံးတော့ ပြောခွင့် မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဈေးခုံလိုင်စင် ရထားသူများက ယင်းတိုင်ကြားစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ လိပ်မူခဲ့ပြီး မိတ္တူကို နေပြည်တော် မြို့တော်ဝန်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် ကော်မတီများ၊ နေပြည်တော် အတွင်းရှိ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံ သို့ သြဂုတ်လ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

တိုင်ကြားခံရသူများမှာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများ ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်စိုးလှတို့ ဖြစ်ပြီး ဈေးခုံလိုင်စင်များ ယာယီ ပိတ်သိမ်းမခံရရန် လုပ်ဆောင်ပေးမည်ဟု ဆိုကာ ဦးမင်းလွင်စိုးက ကျပ် သိန်း ၂၀၊ ဦးခိုင်စိုး လှ က ကျပ် ၁၅ သိန်း တောင်းခံခဲ့ကြောင်း နေပြည်တော်တွင် သြဂုတ်လ ၂၃ ရက်က သတင်းစာ ရှင်းလင်းပွဲလုပ်၍ တိုင်တန်းသူများက ပြောဆိုထားသည်။

သို့သော် နေပြည်တော် စည်ပင်အရာရှိ ဦးမင်းလွင်စိုးက ၎င်းတို့အနေဖြင့် လာဘ်ယူခြင်း လုံးဝမရှိကြောင်း ငြင်းဆိုထား ပြီး တမင် ထောင်ချောက်ဆင်ခံရခြင်း ဖြစ်ကြောင်း၊ ဌာနသိက္ခာ၊ ၎င်း၏ ဂုဏ်သိက္ခာ အတွက် ပြန်လည် တရားစွဲဆိုမည် ဖြစ်ကြောင်း ဧရာဝတီ အပါအဝင် မီဒီယာများသို့ ပြောဆိုထားသည်။

ထို့အပြင် ဦးမင်းလွင်စိုးက ၎င်းသည် မိဘ အမွေအနှစ်များဖြင့် ချမ်းသာသူတဦး ဖြစ်သောကြောင့် ယင်းငွေ ကျပ်သိန်း ၂၀ လောက်ကို လုံးဝ စိတ်မဝင်စားကြောင်းနှင့် မီဒီယာများအနေဖြင့် ၎င်းနေထိုင်သည့် တိုက်ကို ဝင်ရောက်လေ့လာနိုင် ကြောင်း ပြောကြားခဲ့ဖူးသည်။

ယခု ကော်မရှင်က စစ်ဆေးနေသည့် အခြေအနေကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဦးမင်းလွင်စိုးက“အဲဒါတွေက ကော်မရှင်က ဘာမှ မပြီးသေးဘူးဗျ။ ဘာမှ မပြီးသေးဘူး။ သိရင် ပြန်ပြောပေးမယ်နော်။ အကုန်လုံး သိရင် ပြန်ပြော ပေးပါ့ မယ်”ဟု ပြန်လည် ရှင်းပြသည်။

ကော်မရှင်သို့ တိုင်ကြားခဲ့သော ဈေးခုံလိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ကမူ“ကျနော်တို့ အထောက်အထားတွေ အကုန်ယူ တယ်။ ဖုန်းတွေ အကုန် သိမ်းသွားတယ်။ ကျနော် ဘယ်သွားတုန်းက ဘယ်သူတွေပါတယ် ဆိုတာကအစ အကုန် ပြော ရတယ်။ နေပြည်တော် စည်/ပင် ကလည်း စစ်တယ်။ နေပြည်တော် ကောင်စီကလည်း စစ်တယ်။ အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ခေါ်စစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ၂ ဖက်စလုံးကို တနေရာတည်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး အပြန် အလှန် မေးခွန်း များ မေးခိုင်းခဲ့ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကမူ သီးခြားစီ ခေါ်ယူ စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးဆောင် တိုင်ကြားခဲ့သူ ဦးမျိုးခက်နှင့် သက်သေအားလုံးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း နေပြည်တော်မှ ဈေးခုံ လုပ်ငန်းရှင်တချို့က ပြောပြသည်။

“ကျနော်တို့ တိုင်ပြီးတော့ ၂ ရက်၊ ၃ ရက်လောက်ပဲ ကြာတယ်။ အကုန်ခေါ်စစ်တာပဲ။ စစ်ပြီးတော့ အရေးမယူဘူး ဆို ရင် သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်မယ်။ လူမှုရေးအရ ချန်ထားတာတွေ အများကြီး ရှိသေးတယ်။ မလုပ်ချင်လို့ပါ။ တခြား လူတွေကလည်း လိုအပ်ရင် ထပ်ဆွဲကြဦးမှာ”ဟုလည်း ဦးဘိုဘိုဟန်က ပြောသည်။

ယခု ဖြစ်စဉ်ကို ဖော်ထုတ်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့တခုကို ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ တိုက်စံ ဦးဆောင်၍ ဖွဲ့စည်းစေခဲ့ပြီး ယင်းရုံးတွင် အခြေပြု၍ တိုင်ကြားသူ၊ တိုင်ကြား ခံရ သူနှင့် သက်သေ စုစုပေါင်း ၁၇ ဦးကို စုံးစမ်းစစ်ဆေးခဲ့ပြီး ရလဒ်ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကော်မရှင် ဥက္ကဌ ထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

ယင်စုံစမ်း စစ်ဆေးမှုများ အပါအဝင် အစီရင်ခံစာတခုကို နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ထားပြီး သမ္မတရုံး ကလည်း ထိုအစီရင်ခံစာကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူမှအပ အခြား လုပ်ပိုုင်ခွင့် အာဏာ ရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading