သတင်း

ARSA နှင့် ညှိနှိုင်းမည်မဟုတ်ဘဲ ဥပဒေနှင့်အညီတုံ့ပြန်မည်ဟု ကာကွယ်ရေး ဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)နှင့် မည်သည့် စေ့စပ်ညှိနှိုင်းမှုမှ ပြုလုပ်မည် မဟုတ်ဘဲ တိုက်ပွဲများ ဖြစ်လာပါကလည်း ဥပဒေနှင့်အညီ တုံ့ပြန်ရန် တပ်မတော်က သတိရှိရှိ အသင့် ပြင်ထားကြောင်း ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပ သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားတွင် သတင်းထောက်များကို ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက“ကျနော်တို့ လုံခြုံရေးကတော့ ပုံမှန်ပါပဲ။ အပစ်အခတ် ရပ်စဲတာရော၊ မရပ်စဲတာရော ကျနော်တို့ ဘက်က ဘာမှ အသိအမှတ်ပြုထားတာ မရှိပါဘူး။ သူ(ARSA) ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် ဘယ်အစိုးရကမှလည်း အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းတာ မရှိပါဘူး။ ကျနော်တို့ကလည်း သူတို့ကို အသိအမှတ်မပြုပါဘူး”ဟု ပြောသည်။

ARSA အဖွဲ့က စက်တင်ဘာလအတွင်းက အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်သည် ယနေ့တွင် တလပြည့်ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း အောက်တိုဘာ ၇ ရက်နေ့က တွစ်တာမှ တဆင့် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မြန်မာအစိုးရ တာဝန်ရှိသူများက ၎င်းအပေါ် ပယ်ချလိုက်ပြီးဖြစ်သည်။

“ကမ္ဘာမှာလည်း နေ့တိုင်း အကြမ်းမဖက်တဲ့နေ့က မရှိသလောက်ပဲ။ ဆော်ဒီအာရေဗျမှာတောင် ဘုရင်နန်းတော်ကို လာပစ်သေးတာပဲ။ ဒီလောက်မြေနေရာ အကျယ်ကြီးမှာ သူတို့ အကြမ်းဖက်လုပ်ရပ် မလုပ်ဘူးလို့ မပြောနိုင်ဘူး။ သို့သော် ထိခိုက်မှု မဖြစ်အောင်တော့ ကျနော်တို့ဘက်က တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ မဖြစ်အောင်လည်း ကြိုးစားနေပါတယ်”ဟု ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

နိုင်ငံတကာ ထုံးစံအရ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခြင်း ခံထားရသူ မည်သူကိုမဆို အမေရိကန်နိုင်ငံကအစ စေ့စပ်ညှိနှိုင်းလေ့ မရှိကြောင်း၊ ယခု အချိန်တွင် ARSA အဖွဲ့သည် စစ်ရေးထက် နိုင်ငံရေးဖြင့် မြန်မာ အစိုးရကို ထိုးစစ်ဆင်နေရာ နိုင်ငံရေး ထိုးစစ်ကို ပို၍ သတိထားသင့်ကြောင်း ရခိုင်အရေး လေ့လာနေသူ ဦးမောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

“အပြစ်မဲ့ အရပ်သားတွေ အများကြီး အသတ်ခံရတဲ့ ကိစ္စ၊ ဟိန္ဒူတွေ အများကြီး အသတ်ခံရတဲ့ကိစ္စ ဒီကိစ္စတွေ အများကြီး ရှိနေတဲ့ အချိန်မှာ အကြမ်းဖက်သမားကိုတော့ စေ့စပ်ဆွေးနွေးရေး လုပ်မှာ မဟုတ်ဘူး။ အဓိကတော့ နိုင်ငံရေးအရ ဖိအားပေးထိုးစစ်ဆင်လာတာပါပဲ၊ မြန်မာအစိုးရအပေါ် နိုင်ငံတကာဖိအားတွေရှိနေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကိုဗန်းပြပြီး သီးသန့်နယ်မြေတခုတောင်းမယ့် သဘောပေါ့၊ တိုင်းရင်းသားတွေလို ဆွေးနွေးခွင့်တန်းတူ တောင်းလာတာ ကိုလည်း ဘယ်သူကမှ လက်ခံမှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

“နောက်တချက်က စစ်ရေးအရ တိုက်ခိုက်လာရင် ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အရပ်သားတွေကို ဦးတည် တိုက်ခိုက် တာမျိုးကိုတော့ လျော့သွားနိုင်တယ်။ လက်လုပ်ဗုံးခွဲ လေ့ကျင့်မှုတွေလည်း လုပ်လာတာ တွေ့ရတော့ ဗုံးတွေနဲ့ တိုက်ခိုက်လာနိုင် တယ်။ နိုင်ငံတကာတွေ တဖက်အင်အားစုတွေက ထောက်ပံ့ လာမယ်ဆိုရင်တော့ တိုက်ခိုက်မှုက ပိုကြီးမယ်။ ဒါပေမယ့် ထောက် ပံ့တဲ့ အလားအလာကလည်း နည်းသေးတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

လက်ရှိတွင် ရခိုင်မြောက်ပိုင်းမှ ထွက်ပြေးသွားသည့် မွတ်စလင် ဒုက္ခသည်များ၊ ပြေးရန် အတင်းဖိအားပေးခံရနေရသည့် လူအုပ်စုကြီးအတွက် မောင်တောဒေသတွင် Safe Zone ဖန်တီးပေးရန် ဘင်္ဂလားဒေရှ်နိုင်ငံက ကြိုးစားနေရာ မြန်မာကလည်း ယင်းကိစ္စကို လက်ခံမည် မဟုတ်သဖြင့် ယင်းပြဿနာမှာ ပိုအရေးကြီးကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

မြန်မာ အစိုးရ၏ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း ခံထားရသည့် ARSA အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသရှိ လုံခြုံရေး တပ်စခန်း ၃၀ ကျော်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူ ဘာသာဝင်များ အပါအဝင် အပြစ်မဲ့ ပြည်သူများကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင် မောင်တောဒေသတွင် လုံခြုံရေး အားနည်းနေပြီး အပစ်ရပ်မှု တလပြည့်ပြီဖြစ်ရာ မြေပြင်တွင် အကြမ်းဖက်မှုများဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကို ဒေသခံ လူထုက စိတ်ပူနေကြောင်း ရခိုင်အမျိုးသား ပါတီ (ANP) မှ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း သုံးသပ်သည်။

“အပစ်အခတ်ရပ်စဲတာ တလပြည့်ပြီဆိုတဲ့ သတင်းကြောင့် ဘူးသီးတောင် ဒေသခံတချို့ ပြေးကုန်ပြီ။ အောက်ခြေမှာ လူထုက ဒီ သတင်းကြောင့် ထိတ်လန့်နေတယ်။ ထွက်ပြေးတာ တိုင်းရင်းသားတွေ များတယ်။ ဘူးသီးတောင်၊ မောင်တော ဒေသခံတွေပေါ့။ တချို့ကလည်း ဘုန်းကြီးကျောင်းတွေမှာ သွားစုနေကြတယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍ “ဒီဘက်မှာ မနေ့က ခြံစည်းရိုး ကျော်ဝင်လာပြီးတော့ တောင်ပြိုနားမှာ သဲချောင်းအုပ်စု ရွာသာယာရွာက ဥက္ကဌရဲ့ ကျွဲတွေ နွားတွေနဲ့ ဒေသခံတွေရဲ့ ကျွဲနွားတွေကို မောင်းယူသွားတာမျိုးတွေ ဖြစ်နေတယ်။ ရွာသားတွေက အာဏာပိုင်တွေကို အကြောင်းကြားတယ်။ အာဏာပိုင်က အကူအညီ မပေးနိုင်ဘူး။ အဲဒီတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက ကျွဲနွား တွေကို ကိုယ့်ဘာသာကိုယ် လိုက်ရှာရတယ်”ဟု ပြောပြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက် ဖြစ်စဉ်တွေ အတွင်း သိန်းနှင့်ချီသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြပြီး ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သည့် ယခုအချိန်တွင်လည်း ခြိမ်းခြောက်မှုများ ကြောင့်ဟုဆိုကာ ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ လာသည့် သတင်းများအရ သိရှိရသည်။

ARSA သည် အကြမ်းဖက်အဖွဲ့ ပုံစံကိုဖျောက်ဖျက်ကာ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပုံစံ ဖန်တီးလာခြင်းသာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်က ၎င်း၏ဖေ့ဘုတ်စာမျက်နှာမှတဆင့် ဝေဖန်ပြောကြားထားသည်။

ဦးရဲထွဋ်က “သူတို့နောက်ဆုံုးရည်မှန်းချက်က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အတူ ၂၁ ပင်လုံအခန်း ထဲ ဝင်ထိုင်ဖို့ပဲ။ အဲဒါက ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်ခံလာအောင် တစ်ဖက်လှည့်နဲ့ လုပ်လာ တာပါပဲ”ဟု သုံးသပ်ထားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တိုက်ခိုက်ခံပြီးနောက် ARSA မိုင်းခွဲတိုက်ခိုက်မှုများကို၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မတိုင်မီအထိ ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်ပြီးနောက်ပိုင်း တွင် မိုင်းခွဲတိုက်ခိုက်မှု ၇၅ ကြိမ်ရှိပြီဖြစ်ကြောင်း မြန်မာအစိုးရက အောက်တိုဘာ ၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ARSA အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်မှုများကို လက်လုပ်မှိုင်းများဖြင့် ထပ်မံတိုက်ခိုက်လာနိုင်ချေရှိသော် လည်း ၎င်းတို့အနေဖြင့် တခြားသောအကြမ်းဖက်အဖွဲ့အစည်းများထံမှ ထောက်ပံ့မှုရရှိခဲ့မည်ဆိုပါက အကြမ်းဖက်တိုက်ခိုက်မှုများမှာ ယခင်ဖြစ်စဉ်များထက်ပိုမိုကျယ်ပြန့်လာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။

(ဧရာဝတီသတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading