သတင်း

Yangon Water Bus ရေယာဉ် အစီးရေ ယခုလအတွင်း တိုးမြှင့် ပြေးဆွဲမည်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် ဆင်ခြေဖုန်းမှ မြို့တွင်းသို့ လက်ရှိ ရေယာဉ် ၅ စီးဖြင့် ပြေးဆွဲနေသော Yangon Water Bus အစီအစဉ်ကို ယခုလ အတွင်း အစီးရေ တိုးမြှင့် ပြေးဆွဲမည် ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီက ပြောသည်။

ယင်း Yangon Water Bus အစီအစဉ်ကို တင့်တင့်မြန်မာ ကုမ္ပဏီက စီစဉ်လုပ်ကိုင်နေခြင်း ဖြစ်ပြီး လက်ရှိ အခြေ အနေ အရ ခရီးသည်များ အတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟုလည်း သိရသည်။

တင့်တင့်မြန်မာ ကုမ္ပဏီမှ Yangon Water Bus ပရော့ဂျက် မန်နေဂျာ ကိုထွန်းနိုင်လင်းက“အစီးရေက ထပ်တိုးသွားမှာ ဖြစ် တယ်။ အချိန်က အဲဒီကျရင် တစီးနဲ့ တစီးကပ်သွားမှာ ဖြစ်တယ်။ ခရီးသည်တွေ အတွက်လည်း အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ အစီးရေ ဘယ်လောက်တိုးမယ်။ ဆိုတာတော့ ကျနော်တို့ သတင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ Water Bus စတင်ပြေးဆွဲနေသော မှတ်တိုင်များမှာ ဗိုလ်တထောင်၊ ပန်းဆိုးတန်း (နန်းသီတာ)၊ လမ်းသစ် တံတား၊ ကြည့်မြင်တိုင် ဆိပ်ကမ်းနှင့် အင်းစိန်ုမြို့နယ် ဆိပ်ကမ်းတို့တွင် ဆိုက်ကပ်လျက်ရှိပြီး ပြည်ပသင်္ဘော ၁ စီးနှင့် ပြည်တွင်း သင်္ဘော ၄ စီးတို့ဖြင့် ပြေးဆွဲလျက် ရှိကြောင်းလည်း ၎င်းက ပြောပြသည်။

“အခုလောလောဆယ် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ သင်္ဘောစောင့်ရတာ ကြာတယ် ဆိုတာက နောက်ပိုင်း သင်္ဘော စီးရေ တိုးလိုက်ရင် အဆင်ပြေသွားမှာပါ၊ တနေ့ကို အခေါက်ရေ ၁၂ ခေါက်နဲ့ ပြေးဆွဲနေပါတယ်”ဟု ကိုထွန်းနိုင်လင်း က ပြော သည်။

အဆိုပါ Yangon Water Bus ကို အောက်တိုဘာ ၇ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် ခရီးသည်များ အနေ ဖြင့် သင်္ဘောချိန် စောင့်ဆိုင်းရ ကြာမြင့်ခြင်းနှင့် ခရီးချိန်ကြာသောကြောင့် အဆင်မပြေသေးကြောင်း Yangon Water Bus စီးနင်းသူများက ပြောသည်။

ခရီးသည်အများစုသည် Yangon Water Bus စီးနင်းရာတွင် တစီးလျှင် ၁ နာရီခန့် စောင့်ဆိုင်းရခြင်း၊ မောင်းနှင် သည့် အချိန်သည် ယခင် အင်းစိန်မှ ဗိုလ်တထောင် သွားရောက်လျှင် ၄၅ မိနစ်ခန့် ကြာမြင့်မည်ဟု သိရ သော်လည်း လက်ရှိ တွင် ၂ နာရီနီးပါး ကြာမြင့်ခြင်းတို့ကြောင့် အဆင်မပြေကြောင်းလည်း ဆိုကြသည်။

အင်းစိန် ရွာမမှ ပုဂ္ဂလိကဝန်ထမ်း တဦးဖြစ်သူ ဒေါ်မြင့်မြင့်ကြူက“အခုလို ၁ နာရီလောက် သင်္ဘော တစီး၊ တစီးကို စောင့်ရ တော့ အဆင်မပြေဘူး။ နာရီဝက်လောက်ဆို အဆင်ပြေတယ်။ ရုံးချိန်က နောက်ကျရင် ပိုက်ဆံဖြတ်တယ်။ အခုတော့ နောက်ကျပြီပေါ့။ ဒီပုံစံအတိုင်းနဲ့ ဆိုရင် တလလုံးဆိုရင် ကျပ် ၇ သောင်းလောက် အဖြတ်ခံရမှာ။ ဒီနေ့က စပြီး စီးကြည့်တာပေါ့။ အဆင်ပြေမလားလို့၊ ကုန်းပေါ်ကျတော့ ကားကပိတ်တယ်လေ။ အဲဒီတော့ အိမ်ကနေ မနက် ၅ နာရီခွဲ လောက် ထသွားနေရတော့ အဆင်မပြေဘူး။ Yangon Water Bus ဆို အဆင်ပြေမလား စီးကြည့်တာ ဒီပုံတိုင်း ဆို အဆင်မပြေသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

Yangon Water Bus စီးခြင်းအားဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကြောင့် ကားလမ်းပိတ်သည့် အခြေနေ ကို ရှောင်ပြီး အချိန်ကုန် သက်သာစေမည်ဟု မှန်းဆ၍ အချိန်ကိုက်တွက်ယူပြီး Yangon Water Bus စီးနင်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ဒေါ်မြင့်မြင့်ကြူက“ကျမဆို ဆိုင်ကယ် စီးလာရတာ ဆိုင်ကယ်ခက တထောင်ကုန်တယ်။ သင်္ဘောစီးခက ၃၀၀ ကျပ် ဆို တော့ ၁၃၀၀ ကျပ်ကုန်တယ်။ ကားနဲ့ ဆိုရင်တော့ ၂၀၀ ပဲကုန်တယ်။ ပိုက်ဆံကုန်တာထက် အချိန်ပိုရ အောင် ဒီနေ့ စစီး ကြည့်တာ ဒီပုံတိုင်းဆို ဆိပ်ကမ်းမှာ စောင့်ရတာတင် ၁ နာရီဆိုတော့ အဆင်မပြေသေးဘူး”ဟု ပြော သည်။

Yangon Water Bus ကို နေ့စဉ် နံနက် ၆း၃၀ မှ ညနေ ၆း၃၀ အထိ လူဦးရေ အများဆုံး ၂၃၀ မှ အနည်းဆုံး ၆၀ အထိ ထိုင်ခုံပါရှိသော သင်္ဘောများနှင့် အင်းစိန် အောင်ဇေယျ တံတား မှ ဗိုလ်တထောင် အထိ ကျပ် ၃၀၀ ဖြင့် ပြေးဆွဲ လျက် ရှိသည်။

ထိုရေကြောင်း Yangon Water Bus စီးနင်းရာတွင် ထိုင်ခုံပြည့် ခရီးသည်သာ တင်ဆောင်မည် ဖြစ်ပြီး ကုန်ပစ္စည်းများ ကို လုံးဝတင်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ အမြန်ရေယာာဉ်နှင့် ရိုးရိုးယာဉ် နှစ်မျိုးရှိပြီး အမြန်ရေယာဉ်မှာ သြစတြေးလျ နှင့် ထိုင်း နိုင်ငံတို့မှ ရေယာဉ်များ ဖြစ်ကြောင်း၊ ရိုးရိုးရေယာဉ်မှာ ပြည်တွင်းမှ ရေယာဉ်များဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading