သတင်း

ရခိုင်မြောက်ပိုင်း ပြဿနာ ငြိမ်းချမ်းရေးကို ရိုက်ခတ်ဟု KNU ပြော

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရိုက်ခတ်မှုရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ၄ ရက်အကြာ ပြုလုပ်သော အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ပြောဆိုသည်။

KNU က ၁၆ ကြိမ်မြောက် ကွန်ဂရက်အပြီးတွင် ပထမဆုံး အကြိမ်အဖြစ် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး တရပ် ကို အောက်တိုဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးဖြစ်စဉ်နှင့် သတ်သက် ၍ ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်း အရေးလည်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒို စောလှထွန်း က “ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ဟာကတော့ လက်ရှိ နိုင်ငံရေးဖြစ်စဉ် အပေါ်မှာ ရိုက်ခတ်မှု ရှိတာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဆိုရင်လည်း အစိုးရနဲ့ တွေ့ရမယ့် ဆွေးနွေးရမယ့် အရာဆိုလည်း သတ်မှတ် ထားတဲ့အချိန် မဆွေးနွေးနိုင်တာတို့ အဲဒါမျိုးတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့ရှိ အစိုးရ လုံခြုံရေး ကင်းစခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့တွင် တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရ ဘက် က လုံခြုံရေးယူ၍ ဖြေရှင်းနေရသည်။

ယင်းသို့ ဖြေရှင်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟုဆိုကာ နိုင်ငံတကာက ဖိအားပေး စွပ်စွဲမှုများ ရှိနေ၍ အစိုးရအနေဖြင့် ထိုအရေးကို ဦးစားပေး ဆောင်ရွက်နေရသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဘက် ဦးမလှည့်နိုင်သေးဘဲ ဖြစ်နေသည် ဟု ဆိုသည်။

KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကတော့ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးများထဲတွင် “ရိုဟင်ဂျာ” ဆိုသည့် လူမျိုး မရှိကြောင်း ပြောဆိုသည်။

ပဒိုစောကွယ်ထူးဝင်း က “ကျနော်တို့အမြင်မှာလည်း တိုုင်းရင်းသား မူလကတည်းက သတ်မှတ်ထားတာ ရှိတယ်။ တိုင်းရင်းသား အဓိက ၈ မျိုးထဲမှာ ဒီ ရိုုဟင်ဂျာ လူမျိုးတော့ မပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့ကတော့ မြန်မာအစိုးရအနေဖြင့် ၎င်းတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမယ်ဆိုရင် အပြန်အလှန် ဆွေးနွေး သွားမည်ဟု အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန် ကြေညာထားသလို ၎င်းတို့အနေဖြင့် အပစ်ရပ်ထားသည့် ရက်သည်လည်း ပြည့်တော့မည်ဖြစ်ဟု သတိပေးထားကြောင်း ရိုက်တာ သတင်းတပုဒ်က ဆိုထားသည်။

မြန်မာအစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆွေးနွေးနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် သမိုင်းကြောင်းအရ တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည့် အဖွဲ့များ ဖြစ်ပြီး ARSA ဆိုသည့် အဖွဲ့သည် တိုင်းရင်းသား လူမျိုးစုကို အခြေခံသော အဖွဲ့အစည်းတရပ် မဟုတ်ကြောင်း ပဒိုစောကွယ်ထူးဝင်း က ပြောသည်။

ပဒိုစောကွယ်ထူးဝင်း က “ARSA ဆိုတာက သူတို့ရဲ့အခေါ်ပေါ့လေ။ ရိုဟင်ဂျာဆိုတာကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း။ ကျနော် နားလည်တာ ကတော့ အခု ARSA ဆိုတာက ရိုဟင်ဂျာ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါက တိုင်းရင်းသား လူမျိုး တမျိုးအနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲဆို တိုင်းရင်းသားတွေက မူလကတည်းကိုက ဒီတိုုင်းပြည်မှာ နေလာခဲ့တဲ့ မွေးဖွားလာခဲ့တဲ့ လူမျိုး ဖြစ်တဲ့အတွက်ကြောင့်” ဟု ရှင်းပြသည်။

KNU အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အကောင်အထည် ဖော် ခြင်း နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း (Peace Process Review) မှ ရရှိလာသည့် သုံးသပ် ချက်များအပေါ် ပြန်လည်ချပြဆွေးနွေးခြင်း၊ ကြားကာလဆိုင်ရာ မူဝါဒများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ သဘောထားများနှင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

Loading