ရခိုင်ပြည် စစ်တွေမြို့ ဘူးသီးတောင် လှေဆိပ်တွင် ဆိုက်ကပ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မှ ကူညီထောက်ပံရေး ရေယာဉ်အား လူစုလူဝေးဖြင့် ဟန်တားမှုကြောင့် ဖမ်းဆီးထားသော လူ ၁၀ဦးကို လာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ကနဦး လူ ၉ဦးကို ဖမ်းဆီးခဲ့သော် လည်း နောက်ထပ် ကွင်းဆက် စစ်ဆေးချက်အရ ၃ဦးကို ဖော်ထုတ်နိုင်ခဲ့ရာ ၁ဦးကိုသာ ထပ်မံဖမ်းဆီး နိုင်ခဲ့ပြီး ၂ဦးမှာ ထွက်ပြေးသဖြင့် တရားခံပြေးသတ်မှတ်ခဲ့ကြောင်း စစ်တွေမြို့ အမှတ် ၂ ရဲစခန်းမှ ရဲအုပ် ကျော်မိုးက ပြောသည်။
ယခု ဖမ်းဆီးတရားစွဲထားသူ ၁၀ဦးမှာ စစ်တွေမြို့ တဘက်ကမ်းရှိ ဆတ်ရိုးကျ ရပ်ကွက်နှင့် မင်ဒရားရှစ် ကျေးရွာ တို့မှ ဖြစ်ပြီး၊ တရားခံပြေးအဖြစ် ကြေညာထားသူ ၂ဦးမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်တွင် နေ ထိုင်သူများဖြစ်ပြီး၊ ကျပန်းလုပ်ကိုင်သူများနှင့် ပန်းရံလုပ်သူများဖြစ်ကြောင်း အမှုစစ်ရဲအရာရှိများက ဆိုသည်။
“ဖြစ်ပွားအကြောင်းအရာတွေကို စစ်ဆေးတော့ အဓိကအချက်ကတော့ အရက်မူးပြီးဖြစ်တာပါ၊ ရည်ရွယ်ချက် မရှိပါဘူး၊ သူတို့မှ ဦးဆောင်သူ မရှိပါဘူး၊ အရက်မူးသမားတွေ စုမိရာကနေ ဖြစ်သွားတာပါ”ဟု ရဲအုပ်ကျော်မိုး ကရှင်းပြသည်။
ဖမ်းဆီးထားသူများကို စစ်တွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၄၅(လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိပါလျက်ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း သို့မဟုတ ်ဆက်လက်ပါဝင်နေခြင်း)၊ ပုဒ်မ ၄၃၈ မီးဖြင့် ဖြစ်စေ ၊ ပေါက်ကွဲစေတတ်သည့် အရာဖြင့် ဖြစ်စေ အကျိုးပျက်စီးမှုကို ကျူးလွန်ရန် အားထုတ်ခြင်း) စသည့် ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ရက်နေ့က ICRC မှ သော်တာဝင်း စက်လှေကိုု ဌားရမ်းပြီး စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် (၁) ဘူးသီးတောင်စက်လှေဆိပ်တွင် ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် ဆိုလာမီးအိမ်များ၊ အမျိုးသမီး သန့်စင်ရေးသုံး ပစ္စည်းများ၊ အဝတ်အစားများ၊ စောင်များ၊ တာပေါ်လင်၊ ရေပုံးများ၊ ခြင်ထောင်များ၊ မီးဖိုချောင် သုံးပစ္စည်းများ စုစုပေါင်း တန်ချိန် ၅၀ခန်ကိုကို တင်ဆောင်နေစဉ် လူ ၅၀ခန့် ရောက်ရှိလာပြီး ပစ္စည်းများ ဆိပ်ကမ်းတွင် ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားရာမှ လုံခြုံရေးတပ်ဖွဲ့များကို ခဲများ၊ ဓာတ်ဆီပုလင်းများ ပစ်ပေါက်သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရခြင်းဖြစ်သည်။