ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်းသည် ဘုရင့်နန်းတော် ဘဏ္ဍာတော်ထိန်းဌာနက ထိုင်းကူးသန်း ရောင်းဝယ်ရေး ဘဏ် (SCB)၌ ထည့်ဝင်ထားသည့် အစုရှယ်ယာ အမေရိကန်ဒေါ်လာ သန်း၅၀၀ဖိုး လက်ခံရရှိပြီးနောက်၊ ယင်းဘဏ်၏ အဓိကကျ သည့် ရှယ်ယာရှင်တဦးဖြစ်လာကြောင်း Nikkei Asian Review သတင်းကဆိုသည်။
မြို့တော်ဘန်ကောက်နှင့် နိုင်ငံတဝန်းရှိ အိမ်ခြံမြေများ အပါအဝင် ထိုင်းဘုရင့်နန်းတော်၏ ပိုင်ဆိုင်မှုများကို ကြီးကြပ်ရ သော နန်းတော်ဘဏ္ဍာထိန်းဌာနသည် SCB ဘဏ်နှင့် ထိုင်းဘိလပ်မြေ လုပ်ငန်းစု (SCG) ကဲ့သို့သော စတော့အိတ်ချိန်း စာရင်းဝင် လုပ်ငန်းများတွင် ရှယ်ယာအများအပြား ပိုင်ဆိုင်သည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလ ၁၃ရက်နေ့ ဘုရင်ကြီး ဘူမိဘာ အဒူယာဒက် နတ်ရွာစံပြီးနောက်မှာ သားဖြစ်သူ ဘုရင်သစ် မဟာဝိဇယ လောင်ကွန်း နန်းတက်လာရာ နန်းတော်ဘဏ္ဍာတော်ထိန်းဌာနကို ပိုမိုတိုက်ရိုက်ချုပ်ကိုင် လာသည်ဟုလည်း ဆိုသည်။
ထိုင်း ကူးသန်းရောင်းဝယ်ရေးဘဏ်(SCB)၌ နန်းတော်ဘဏ္ဍာတော်ထိန်းဌာနကပိုင်ဆိုင်သော ရှယ်ယာ ၂၁ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည့်အနက် ၃ ဒသမ ၃ ရာခိုင်နှုန်းကို ထိုင်းဘုရင်ထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသော်လည်း ထိုလွှဲပြောင်း ခြင်းအတွက် ငွေပေးချေခြင်း ရှိမရှိ ဖော်ပြထားခြင်းမရှိပေ။
Nikkei Asian Review က ဘုရင့်နန်းတော်ဘဏ္ဍာတော်ထိန်းဌာနကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ပြောကြားခြင်း မရှိဟု က ဖော်ပြသည်။
ထိုသို့ လွှဲပြောင်းပေးလိုက်သည့် ရှယ်ယာ ၃ ဒသမ ၃ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့် သောကြာနေ့ ပေါက်ဈေးအရ ဘတ်ငွေ ၁၆ ဒသမ ၉၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၇ သန်း) တန်ကြေး ရှိသည်။
နန်းတော်ဘဏ္ဍာတော်ထိန်းဌာနသည် ထိုင်းနိုင်ငံ တတိယအကြီးဆုံးဘဏ်ဖြစ်သော Siam Commercial Bank ဟု လူသိများသည့် ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ်၏ ထိပ်တန်းရှယ်ယာရှင်အဖြစ် ရှိနေဆဲဖြစ်ရာ မဟာဝိဇယ လောင်ကွန်း သည် သတ္တမမြောက် အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်လာသည်။
နန်တော်ပိုင်ဆိုင်မှုများဆိုင်ရာ ဥပဒေကို ဇူလိုင်လက ပြင်ဆင်ခဲ့ပြီးနောက် ယခုကဲသို့ ရှယ်ယာ လွှဲပြောင်းလိုက်ခြင်း ဖြစ် သည်။ နန်းတော်ပိုင်ပစ္စည်းများကို ဘုရင်၏ စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပြီး ဘုရင်က ခန့်အပ်သူများကသာ စီမံခန့်ခွဲနိုင်ရေး အတွက် ဥပဒေကိုပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နန်းတော်ဘဏ္ဍာတော်ထိန်းဌာနသည် အစိုးရဌာနတခု မဟုတ်သကဲ့သို့ အခွန်ပေးဆောင်ရန်လည်း မလိုအပ်ဘဲ ၎င်း၏ ဝင်ငွေများကို ယခင်က ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး စသည့် နန်တော်၏ လုပ်ငန်းဆောင်တာများတွင် သုံးစွဲသည်။
နန်းတော်ဘဏ္ဍာတော်ထိန်းဌာနသည် ဘတ် ၁ ဒသမ ၄ ထရီလီယံဖိုးခန့် ပိုင်ဆိုင်ထားပြီး ဘုရင်နှင့် အခြား နန်းတွင်းသူ နန်းတွင်းသားများ၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် သက်ဆိုင်ခြင်း မရှိပေ။ ။
(Nikkei Asian Review တွင် ဖော်ပြထားသော YUKAKO ONO ၏ King Vajiralongkorn becomes major shareholder in Thailand’s third-largest bank ကို ဘာသာပြန်သည်။)