သတင်း

လူနာရှင်နှင့် စကားများသည့် မန္တလေးဆေးရုံကြီး ဧည့်ကြိုများအား အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

လူနာရှင်နှင့် စကားများကာ ပြဿနာတက်ခဲ့သည့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်ဌာနမှ ဧည် ကြိုဝန်ထမ်း ၂ဦးအား ဝန်ထမ်းစည်းကမ်းအတိုင်း အရေးယူသွားမည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုး ကပြောသည်။

“အဲဒီနေ့က ဖြစ်စဉ်မှာလည်း မရင့်ကျက်သေးတဲ့ ဝန်ထမ်းတွေရဲ့ပြောဆိုဆက်ဆံပုံအမှားက အလုပ်နဲ့ အံဝင်ခွင်ကျ မဖြစ်ဘဲ ဆန့်ကျင်ဘက်တွေ ဖြစ်သွားတယ်။ အဲဒီလို နောက်မဖြစ်ရအောင် ကျမတို့ဘက်က အတတ်နိုင်ဆုံး ထိန်းရမှာ ဖြစ်သလို ထိုက်သင့်တဲ့အရေးယူမှုတွေလည်း လုပ်သွားမှာပါ။ ဘယ်လိုလုပ်မယ်ဆိုတာတော့ ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းအတိုင်းမို့ အသေးစိတ်ပြောလို့မရပါဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်ညနေပိုင်းက ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ ကိုမျိုးချစ်ဇော်သည် ပေ ၅၀ အမြင့်ရှိ ကျောက်တောင်ပေါ်၌ ကျောက်မိုင်းခွဲရန် ပြုလုပ်စဉ် ပြုတ်ကျခဲ့ပြီး ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး မိသားစုက မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ခဲ့ရာ ညဦးပိုင်းတွင်ရောက်ရှိပြီး၊ လူနာရှင်နှင့် ယာဉ်မောင်းအမျိုးသမီးတို့က လူနာအား ကားပေါ်မှာ လာခေါ်ပေးရန် ပြောဆိုနေစဉ် ဧည့်ကြိုဝန်ထမ်း အမျိုးသမီးနှစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ စကားများသည့် ဗီဒီယိုရုပ်သံဖိုင်သည် ညပိုင်းတွင် Facebook လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

လူနာကို သယ်ဆောင်လာသည့်ကား ဆေးရုံ အရေးပေါ်လူနာဌာနအပေါက်ဝရောက်သည်အထိ မည်သူမျှ လာရောက် မေးမြန်းမှုမရှိသည့်အတွက် တွန်းလှည်းဖြင့် လူနာအား အထဲပို့ရန် ပြင်ဆင်နေစဉ် ဆေးရုံဝန်ထမ်းမှ တွန်းလှည်းမရှိ ကြောင်း ပြောရာမှ တယောက်တခွန်း အချေအတင် စကားများခဲ့ခြင်းဖြစ်သည်ဟု လူနာအား ဆေးရုံသို့ ပို့ပေးခဲ့သည့် ယာဉ်မောင်းအမျိုးသမီး မသီတာအေးက ဧရာဝတီကို ပြောသည်။

“ကျနော်က တွန်းလှည်းမရှိတာနဲ့ လူနာကသေရမှာလား အော်ပြောလိုက်တော့ ဧည့်ကြိုအမျိုးသမီးထဲက တယောက် က ငါတို့ကို အော်စရာမလိုဘူး။ နင်တို့လိုဟာမျိုးတွေ အော်ရမယ့် အဆင့်အတန်း မဟုတ်ဘူးဆိုပြီး ပြောတော့ ကျနော် က ဆေးရုံ၊ ဆေးခန်းမှာ အဆင့်တွေ လိုလားလို့ မေးလိုက်လို့ ပြဿနာဖြစ်သွားတာပါ။ သူတို့ ပြောသလို ကျနော်ဆဲ လည်း မဆဲခဲ့ပါဘူး” ဟု မသီတာအေးက ဧရာဝတီကို ပြောသည်။

ထိုသို့ အချေအတင်စကားများနေစဉ် လူနာအားအရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်သည့် ဆေးကုသစစ်ဆေးမှု များ ပြုလုပ်ခဲ့သော်လည်း ပြင်းထန်ဒဏ်ရာရရှိသည့်အတွက် အသက်သေဆုံးသွားခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့ နေသည့် ဧည့်ကြိုဝန်ထမ်းနှင့် စကားများနေသည့်အတွက် လူနာအသက်ဆုံးရှုံးသွားရသည် ဆိုသည်မှာ မဟုတ် ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်တင်တင်မိုးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆေးရုံဧည့်ကြိုဝန်ထမ်းနှစ်ဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး တာဝန်ရှိအထက် ဌာနသို့ တင်ပြကာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအား ဧည့်ဝတ်ပျူဌာမှုနှင့် လိုအပ်သည့်အကူအညီများ ပေးနိုင်ရန် အတွက် ဧည့်ကြိုဝန်ထမ်း အမျိုးသမီး ၁၀ ဦးကို ၂၀၁၆ ခုနှစ် ဇွန်လက စတင်ခန့်ထားခဲ့သည်ဟု ဆေး/လူမှုဆက်ဆံ ရေးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading